News

POST TYPE

MANDALAY

မန္တလေးတွင် တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းများကို ရွေ့လျားစနစ်ဖြင့် ထုတ်ပေး
25-Jun-2017

မန္တလေး၊ ဇွန် ၂၄

ပြီးခဲ့သော ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်း အောင်မြင်သော ကျောင်းသား ကျောင်းသူများ၏ အမှတ်စာရင်းများကို ရွေ့လျားအဖွဲ့က မန္တလေးမြို့တော်၌ ဇွန်လ ၂၂ ရက်မှ ၂၅ ရက်နေ့အထိ ထုတ်ပေးမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

“ကျွန်မတို့ကတော့ ဇွန်လ ၂၂ ရက်နေ့ကစပြီး မန္တလေးမှာ ထုတ်ပေးနေတာ ဖြစ်ပါတယ်။ ကျွန်မတို့အဖွဲ့ကနေပဲ အဖွဲ့တစ်ခု ထပ်ခွဲပြီး မြစ်ကြီးနားမြို့မှာ သွားထုတ်ပေးနေတာလည်း ရှိတယ်။ မန္တလေးမှာ တနင်္ဂနွေနေ့အထိ ရှိမယ်။ ပြီးရင် မြစ်ကြီးနားသွားတဲ့အဖွဲ့နဲ့ ပြန်ပေါင်းပြီး ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့မှာ ဇွန်လ ၂၆ ရက်နေ့မှာ ထုတ်ပေးမယ်”ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ဒုဦးစီးမှူး ဒေါ်အေးအေးသိန်းက ပြောကြားသည်။ 

မန္တလေးမြို့၌ အမှတ်စာရင်းများ ထုတ်ပေးရာတွင် စတင် ထုတ်ပေသည့် ဇွန်လ ၂၂ ရက်နေ့ ကျောင်းသား၊ ကျောင်းသူ သုံးထောင်ခန့် ထုတ်ယူခဲ့ပြီး ၂၃ ရက်နေ့တွင် ခုနစ်ထောင်ခန့် ထုတ်ပေးခဲ့ကြောင်း ချမ်းအေးသာစံမြို့နယ် အမှတ် ၁၄ အခြေခံပညာ အထက်တန်းကျောင်းတွင် အမှတ်စာရင်းများ ထုတ်ပေးနေသည့် ရွေ့လျားအဖွဲ့ထံမှ သိရသည်။

“အရင်တုန်းကဆိုရင် အမှတ်စာရင်းတွေကို လက်ရေးနဲ့ဖြည့်ပြီး ထုတ်ပေးရတယ်။ အချိန်ကြာတယ်။ လူတွေလည်း ပင်ပန်းတယ်။ အမှတ်စာရင်း ထုတ်ချင်တဲ့ ကျောင်းသားတွေကလည်း ပညာရေးမှူးရုံးတွေမှာ သွားထုတ်ကြရတယ်။ ခုတော့ ကွန်ပျူတာထဲမှာ ရှာပြီး ပရင့်ထုတ်ပေးလိုက်တာ ဖြစ်တဲ့အတွက် ကျောင်းသားတွေလည်း အကြာကြီး မစောင့်ရတော့ဘူး။ ဝန်ထမ်းတွေအတွက်လည်း သက်သာသွားပါတယ်”ဟု အမှတ်စာရင်း ထုတ်ပေးရေးအဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သော ကျောင်းသား ကျောင်းသူများ၏ အမှတ်စာရင်းများကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက အောင်စာရင်းထွက်ပြီး ရက်ပိုင်းအတွင်း သက်ဆိုင်ရာ မြို့များ၌ ရွေ့လျားအဖွဲ့ဖြင့် ထုတ်ပေးနေခြင်းဖြစ်သည်။

ယင်းသို့ မိုဘိုင်းလ်အဖွဲ့များဖြင့် အမှတ်စာရင်းများကို သက်ဆိုင်ရာမြို့များအထိ သွားရောက် ထုတ်ပေးနိုင်ရေးကို ၂၀၁၄ ခုနှစ်ကတည်းက စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနထံမှ သိရသည်။

“ကျွန်တော့်သား အကြီး တစ်ယောက်က ၂၀ဝ၈ ခုနှစ်ကတည်းက ဆယ်တန်းအောင်ခဲ့တာ။ သူ့တုန်းကဆိုရင် တက္ကသိုလ်တက်ဖို့ အမှတ်စာရင်းက သိချင်နေပြီး၊ ထုတ်လို့က မရသေးဘူးဖြစ်နေတာ။ သူတက်ခဲ့တဲ့ကျူရှင်က ဆရာတွေက ထုတ်ပေးလို့ရတယ်ဆိုမှ ဆရာတွေက တစ်ဆင့်ထုတ်မှ ရခဲ့တာ။ ခုကျတော့ အောင်စာရင်း ထွက်ပြီး လေးငါးရက်အတွင်းမှာပဲ ထုတ်လို့ရတာဆိုတော့ အရမ်း မြန်သွားတယ်။ အမှတ်စာရင်း သိချင်နေတဲ့ ကျောင်းသားတွေအတွက် တော်တော် အဆင်ပြေသွားပါတယ်”ဟု အမှတ် စာရင်း လာထုတ်သည့် ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ဇွန်လ ၁၇ ရက်နေ့က မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ပြိုင်နက် ထုတ်ပြန်ကြေညာခဲ့ရာ မန္တလေးတိုင်းအနေနှင့် ကျောင်းသား ကျောင်းသူ ၉၉၈၄၅ ဦးဖြေဆိုခဲ့ပြီး အောင်မြင်သူ ၄၀၁၅၄ ဦး ရှိကြောင်း၊ တစ်တိုင်းလုံး အောင်မြင်မှုရာခိုင်နှုန်းအရ  ၄၀ ဒသမ ၂၂ ရာခိုင်နှုန်း ရှိခဲ့သည်။

M-04


  • VIA