News

POST TYPE

MANDALAY

ပြင်ဦးလွင် အုပ်ချုပ်ရေးမှူးများ လာဘ်ယူမှု တိုင်ကြားသူနှင့် ကြံ့ခိုင်ရေးပါတီ မြို့နယ်အတွင်းရေးမှူးဟောင်း ထွက်ဆိုချက် ကွဲလွဲ
23-Jun-2017
မန္တလေး၊ ဇွန် ၂၂

မန္တလေးတိုင်း တရားလွှတ်တော်တွင် တရားရင်ဆိုင်နေရသော ပြင်ဦးလွင် မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် မန်ကျည်းအင်း ကျေးရွာသားများအကြား လာဘ်ပေးလဘ်ယူ ကိစ္စများနှင့် ပတ်သက်၍ ချမ်းမြသာစည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးဟောင်းကို စစ်ဆေးခဲ့ရာ ၎င်း၏ ထွက်ဆိုချက်နှင့် တိုင်ကြားသူတို့အကြား ကွဲလွဲနေကြောင်း အဆိုပါ တရားရုံးထံမှ သိရသည်။

“အုပ်ချုပ်ရေးမှူးတွေနဲ့ ပတ်သက်တဲ့ ငွေပေးငွေယူ ကိစ္စတွေ ကျွန်တော် ဘာမှမသိခဲ့ပါဘူး။ ပြင်ဦးလွင် အုပ်ချုပ်ရေးမှူးရုံးက စာရေးမရဲ့အမျိုးသားကို ဦးထွန်းနိုင် (အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့သူ) တို့ဘက်က ငွေပေးတဲ့ အချိန်မှာ အဲဒီနားက စားပွဲမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုမှာ သက်သေအဖြစ် ပါမယ်လို့တောင် ထင်မထားခဲ့ပါဘူး” ဟု ချမ်းမြသာစည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးဟောင်း ဦးမြင့်ဦးက ပြောကြားသည်။

ဇွန်လ ၂၂ ရက်နေ့က တိုင်းဒေသကြီး တရားရုံးတွင် သက်သေအဖြစ် လာရောက်ထွက်ဆိုပြီးချိန်တွင် ၎င်းက မီဒီယာများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြင်ဦးလွင်မြို့နယ် ပြည်ထဲရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးနှင့် ဒုတိယမြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်တို့သည် ယင်းမြို့နယ် မန်ကျည်းအင်းကျေးရွာနှင့် ဝါးနက်ကျေးရွာတို့ကို ပြည်ထဲရေး အမည်ပေါက် ရရှိအာင် ဆောင်ရွက်ပေးမည် ဆိုကာ ကျေးရွာဒေသခံများ၊ ကုမ္ပဏီများထံမှ ငွေကြေးများ ရယူခဲ့သော်လည်း ဆောင်ရွက်ပေးခြင်း မရှိဟု ဆိုကာ ဒေသခံများက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့၍ သက်သေများကို စစ်ဆေးနေခြင်း ဖြစ်သည်။

“ကိုမြင့်ဦးက လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသိန်းလှနဲ့ ပတ်သက်ပြီး ခင်မင်ခဲ့ကြတာပါ။ ဦးသိန်းလှဆီက ငွေချေးပြီး ဦးတင်နိုင်စိုးတို့ကို ငွေပေးရာမှာ အုပ်ချုပ်ရေးမှူးရုံးက စာရေးမရဲ့ အမျိုးသားရယ်၊ ဦးမြင့်ဦးရယ် လာယူပါတယ်။ စာရေးမကရော ဦးသိန်းလှကရော သူတို့ လူပါ ပေးလိုက်လို့ ရပါတယ်ဆိုလို့ ပေးလိုက်တာပါ။ အဲဒီမှာ စာရေးမရဲ့ ယောက်ျားနဲ့ ကိုမြင့်ဦးတို့က ငွေကိုယူပြီး ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဦးမြင့်ဦးက ဒီအမှုမှာ ပါဝင်ပတ်သက်လာတာ” ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့သူ ကမ္ဘာမြေအောင် ကုမ္ပဏီပိုင်ရှင် ဦးထွန်းနိုင်က ပြောကြား သည်။

ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးနှင့် ဒုတိယဦးစီးမှူး  ဦးကျော်ကျော်နိုင်တို့ကို အဂတိလိုက်စားမှူး တိုက်ဖျက်ရေးကော်မရှင် စစ်ဆေးရေးမှူးက တရားစွဲဆိုထားပြီး ဦးတင်နိုင်စိုးကို (ပ)၂၂၀/၂၀၁၆၊ အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆၊ (ပ) ၂၁၉/၂၀၁၆၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် လည်းကောင်း၊ ဦးကျော်ကျော်နိုင်ကို (ပ) ၂၂၁/၂၀၁၆  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ၅၆၊ (ပ) ၂၂၂/၂၀၁၆ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် လည်းကောင်း တရားစွဲဆိုထားသည်။          

M-04