News

POST TYPE

MANDALAY

ရှစ်လေးလုံးနေ့ကို မြန်မာ့ဒီမိုကရေစီနေ့ သတ်မှတ်ရန် ကျောက်ဆည်တွင် တောင်းဆို
19-Aug-2016
မန္တလေး၊ သြဂုတ် ၁၉

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အပြောင်းအလဲတွင် အရေးပါသည့် နေ့တစ်နေ့ဖြစ်သည့် ရှစ်လေးလုံး အရေးတော်ပုံနေ့ကို မြန်မာ့ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ရန် သြဂုတ်လ ၁၉ ရက်နေ့က ကျောက်ဆည်မြို့တွင် ပြုလုပ်သည့် ရှစ်လေးလုံး အခမ်းအနားတွင် တောင်းဆိုလိုက်သည်။

ရှစ်လေးလုံး အရေးတော်ပုံကြီးအား အစဉ် ဂုဏ်ပြုသောအားဖြင့် သြဂုတ်လ ၈ ရက်နေ့ကို  မြန်မာ့ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်သင့်ကြောင်း ၂၈ နှစ်မြောက် ပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံ အထိမ်းအမှတ် ကျင်းပရေး ကော်မတီ (ကျောက်ဆည်) က သဘောထား ထုတ်ပြန် ကြေညာသည်။ 

ရှစ်လေးလုံး အရေးတော်ပုံနေ့ကို မြန်မာ့ဒီမိုကရေစီနေ့အဖြစ် သတ်မှတ် ကြေညာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲက အဆိုပါ အခမ်းအနားတွင် ပြောဆိုခဲ့သည်။

“အဲဒီ ကြေညာချက်က တစ်နေ့ ဖြစ်ရမယ်လို့ ပြောရဲပါတယ်။ ခေတ်အဆက်ဆက်က တိုက်ပွဲ ဝင်ခဲ့ကြတဲ့ ကျွန်တော်တို့  မျိုးဆက်ဖြစ်ဖြစ်၊ ရှေ့မျိုးဆက်ပဲဖြစ်ဖြစ်၊ နောက်မျိုးဆက်တွေပဲ ဖြစ်ဖြစ် ကျွန်တော်တို့ တစ်တိုင်းတစ်ပြည်လုံးရဲ့  ဒီမိုကရေစီနေ့ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။ 

ကျောက်ဆည်မြို့တွင် နိုင်ငံရေး အင်အားစုများ စုပေါင်းကာ အဆိုပါ အခမ်းအနားကို မင်းကုန်း မဟာ စာသင်တိုက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါ အရေးတော်ပုံတွင် ပါဝင်ခဲ့သဖြင့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသူ စာရေးဆရာ ကြည်ကိုလွင်က ထောင်းတွင်း အကျည်းကျမှု ပြကွက်များကို တင်ဆက်ခဲ့သည်။ 

ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် ရှစ်လေးလုံး အရေးတော်ပုံကို ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင်  ပြုလုပ်ခဲ့သော်လည်း ကျောက်ဆည်မြို့တွင် သြဂုတ်လ ၁၉ ရက်နေ့မှ စတင်ခဲ့သဖြင့် ယင်းနေ့တွင် ကျင်းပခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း (ကျောက်ဆည်)မှ အဖွဲ့ဝင် ကိုစိုးသီဟက ပြောကြားသည်။


  • VIA