News

POST TYPE

MANDALAY

ဒုတိယ ကမ္ဘာစစ်သုံး အမေရိကန် စီ-၄၇ လေယာဉ် နောက်ဆုံး ခရီးစဉ် မန္တလေးတွင် ခေတ္တ ဆိုက်ကပ်မည်
19-Aug-2016
ရန်ကုန်၊ သြဂုတ် ၁၉

ဒုတိယ ကမ္ဘာကာလ စစ်ဖက်သုံး ဒါကိုတာ အမျိုးအစား အမေရိကန် စီ-၄၇ လေယာဉ်သည် ၎င်း၏ နောက်ဆုံး ပျံသန်းမှု ခရီးစဉ်တွင် မန္တလေးမြို့ တံတားဦး လေဆိပ်၌ ခေတ္တ ဆိုက်ကပ်မည်ဖြစ်ကြောင်း အမေရိကန် သံရုံးက သတင်း ထုတ်ပြန်သည်။ 

စီ-၄၇ သည် ၎င်း၏ ခရီးစဉ်ကို အမေရိကန်မှ စတင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကိုဖြတ်၍ ဟိမဝန္တာ တောင်တန်းများပေါ်မှ ကျော်ဖြတ်၍ တရုတ်နိုင်ငံသို့ မပျံသန်းမီ ယနေ့ သြဂုတ် ၂ဝ ရက်နေ့တွင် မန္တလေးသို့ ရောက်ရှိမည်ဖြစ်သည်။

ဒုတိယ ကမ္ဘာစစ်အတွင်း အမေရိကန် လေယာဉ်မှူးများ ဖြတ်သန်း မောင်းနှင်ခဲ့ကြသည့် အဆိုပါ ခရီးစဉ်၏ ရည်ရွယ်ချက်မှာ ဒုတိယ ကမ္ဘာစစ်အတွင်း ယင်းခရီးစဉ်ကို မောင်းနှင်ခဲ့ကြသည့် လေယာဉ်မှူးများနှင့် ဒေသတွင်း ငြိမ်းချမ်းရေးအတွက် အမေရိကန်နှင့် မြန်မာအကြား ဆက်လက် ပူးပေါင်း ဆောင်ရွက်မှု ပြသရန် ဖြစ်သည်ဟု အမေရိကန် သံရုံး ကြေညာချက်က ဆိုသည်။

အဆိုပါ စီ-၄၇ သည် ဟိမဝန္တာ တောင်တန်းကို ကျော်ဖြတ်၍ တရုတ်နိုင်ငံသို့ ရောက်ရှိပြီးနောက် အဆိုပါ လေယာဉ်ကို ကွေ့လင်မြို့ ကျားပျံ အမွေအနှစ် ပြတိုက်တွင် ပြသထားမည်ဖြစ်သည်။

စီ- ၄၇ လေယာဉ်များကို အမေရိကန် နိုင်ငံသည် ဗီယက်နမ် စစ်ပွဲကာလများ အတွင်းနှင့် ဒုတိယ ကမ္ဘာစစ်အလွန် ၁၉၄၇ တွင် ဖြစ်ပွားခဲ့သည့် အင်ဒိုနီးရှား-ပါကစ္စတန် စစ်ပွဲတွင် နှစ်ဖက် တပ်မတော်များက အဆိုပါ လေယာဉ်ကို အသုံးပြုခဲ့သည်။

စီ-၄၇ ကို ဒုတိယ ကမ္ဘာစစ်ကာလများ အတွင်းကလည်း တွင်ကျယ်စွာ အသုံးပြုခဲ့ပြီး ဥရောပ၌ ၁၉၄၄ တွင် ဖြစ်ပွားခဲ့သည့် သမိုင်းဝင် ပြင်သစ် နော်မန်ဒီကမ်းတက် တိုက်ပွဲ၏ အစောပိုင်း နေ့များတွင် လေထီးတပ်သား ငါးသောင်းကိုလည်းကောင်း၊ ၁၉၄၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် စစ္စလီကျွန်း အရေးအခင်းတွင်လည်း လေထီးတပ်သား ၄၃ဝဝ ကိုလည်းကောင်း စီ-၄၇ လေယာဉ်ပေါ်မှ ချပေးခဲ့သည်။ 

ဒုတိယ ကမ္ဘာစစ်အတွင်း ကျော်ကြားခဲ့သော ဥရောပ မဟာမိတ် တပ်များ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒွိုက်အိုင်စင်ဟောင်ဝါကမူ ဒုတိယကမ္ဘာစစ်ကာလ ရန်သူများအကြား ခေါက်တုံ့ခေါက်ပြန် ပျံသန်းခဲ့သည့် စီ-၄၇ စစ်သုံး လေယာဉ်များကို “Gooney Bird”ဟု နာမည်ပြောင် ပေးခဲ့သည်။


  • VIA