News

POST TYPE

MANDALAY

ပြည်သူအတွက် အကျိုးမရှိမည့် တောင်သမန်ကျေးလက် ရီဆော့ စီမံကိန်းကို ရပ်ဆိုင်းရန် စိစစ်
19-Aug-2016
မန္တလေး၊ သြဂုတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် တောင်သမန်အင်းအနီးတွင် တောင်သမန်သစ္စာ ကုမ္ပဏီမှ အကောင်အထည် ဖော်နေသည့် တောင်သမန်ကျေးလက် ရီဆော့စီမံကိန်းကို ရပ်ဆိုင်းနိုင်ရန် စိစစ်နေကြောင်း တိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောကြားသည်။

စီမံကိန်း တစ်ခု ပြုလုပ်လျှင် အများပြည်သူအတွက် အကျိုး ရှိ မရှိ၊နိုင်ငံတော်အတွက် အကျိုး ရှိ မရှိကို ကြည့်ရှုရမည် ဖြစ်ကြောင်း၊ အစိုးရအတွက် မဟုတ်ဘဲ နိုင်ငံနှင့် ပြည်သူအတွက် အကျိုးရှိသည့် စီမံကိန်းများကိုသာ ပြုလုပ်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အခု လုပ်နေတဲ့ ပရောဂျက် တော်တော်များများက ကျွန်တော်တို့ကို အကျိုးပေးနိုင်တဲ့ဟာက တစ်နေရာတည်းမှာ ကွက်ပြီး ကျန်ပြီး ကျန်တဲ့ဟာတွေက အိမ်ရာစီမံကိန်းနဲ့ ရောင်းစားမယ့်ဟာတွေ၊ ဒါက အစိုးရအတွက်လည်း အကျိုး မရှိနိုင်ဘူး။ ပြည်သူအတွက်လည်း အကျိုး မရှိနိုင်ဘူး”ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင် တောင်သမန် ကျေးလက် ရီဆော့စီမံကိန်းကို ရပ်ဆိုင်းရန်အတွက် စိစစ်ဆဲဖြစ်ပြီး မန္တလေးတိုင်းအတွင်းရှိ စီမံကိန်း တော်တော်များများကို စိစစ်နေကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တရားဝင်စာဖြင့် ညွှန်ကြားချက် မရှိကြောင်း၊ မိမိတို့ အနေဖြင့် EIA၊ SIA တင်ပြရမည် ဆိုသဖြင့် ယင်းကို ဆောင်ရွက်နေပြီး စီမံကိန်း ရပ်နားထားသည်မှာ တစ်လခန့် ရှိသွားပြီဖြစ်ကြောင်း တောင်သမန်သစ္စာ ကုမ္ပဏီ ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်ထွန်းက ပြောသည်။

ယင်းစီမံကိန်း အကောင်အထည် ဖော်ရာတွင် တောင်သမန်အင်းအတွင်း မြေဖို့မှုများ ပြုလုပ်နေသဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ သတ်မှတ် စည်းကမ်းများအတိုင်း လိုက်နာရန် ကုမ္ပဏီကို သတိပေးထားကြောင်း ဇူလိုင်လ နှောင်းပိုင်းက ပြောဆိုထားသည်။

အဆိုပါစီမံကိန်း မြေနေရာ အသုံးပြုရန် မြေ ၄၀ ဒဿမ၂၇ ဧကကို ၂၀၁၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင်လည်းကောင်း၊ မြေ ၅၈ ဒဿမ ၈၃ ဧကကို ၂၀၁၆ ခုနှစ် မတ်လ ၂၈ ရက်တွင်လည်းကောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဟောင်း ဦးရဲမြင့် ဦးဆောင်သည့် အစိုးရအဖွဲ့က ခွင့်ပြုပေးခဲ့သော်လည်း လက်ရှိအချိန်ထိ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်(MIC) က ခွင့်ပြုခြင်း မရှိသေးပေ။


  • VIA