News

POST TYPE

MANDALAY

ဦးပိန်တံတားကို ပြင်ဆင်နေမှု တရားဝင် ခွင့်ပြုထားခြင်း မရှိ၊ ရပ်ဆိုင်းရန် ညွှန်ကြား
19-Aug-2016
မန္တလေး၊ သြဂုတ် ၁၉
အမရပူရမြို့နယ်မှ နှစ်ပေါင်း ၁၆၀ ကျော် သက်တမ်းရှိ ရှေးဟောင်း သမိုင်းဝင် ဦးပိန်တံတားကို ပြင်ဆင် ထိန်းသိမ်း နေမှုသည် တရားဝင် ခွင့်ပြုထားခြင်း မရှိသဖြင့် ယာယီ ရပ်ဆိုင်းထားစေကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သတင်းရရှိသည်။

တံတားပြင်ဆင် ထိန်းသိမ်းနေသူများကို ခေါ်ယူတွေ့ဆုံ မေးမြန်းခဲ့ရာတွင် တရားဝင် ခွင့်ပြုထားသည့် စာရွက်စာတမ်း မရှိသဖြင့် သြဂုတ်လ ၁၅ ရက်မှစတင်၍ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောကြားသည်။

“ အရင်တုန်းက ရှေးဟောင်းကလည်း ငြင်းတယ်။ သူတို့ဌာနကို ဘာမှ မပြောပါဘူးဆိုပြီး။ သူတို့ (ပြင်ဆင်နေသူတို့) က အရင်အစိုးရ ခွင့်ပြုချက်ပေးလို့ လုပ်တယ်လို့ ပြောတယ်။ ကျွန်တော်တို့ ခေါ်မေးတဲ့အခါ အရင်အစိုးရ ခွင့်ပြုချက် ပေးတယ်ဆိုတာက နှုတ်မိန့်နဲ့ ပေးတာ။ စာရွက်စာတမ်း အထောက်အထား ဘာမှ မရှိဘူး”ဟု ၎င်းက ပြောသည်။

အစားထိုး ပြင်ဆင်ထားသည့် သစ်များကို လိုက်လံ စစ်ဆေးရာတွင်လည်း ကြမ်းခင်းနှင့် တိုင်များအဖြစ် အသုံးပြုထားသည့် ကျွန်းသစ်တို့မှာလည်း ကိုင်းဖျား ကိုင်းနားများ ဖြစ်နေကြောင်း၊ ကြမ်းခင်းများဆိုလျှင် ကျွန်းကွက်များ မပေါ်ဘဲ အဖြူကွက်များ ပေါ်နေကြောင်း ၎င်းက ထပ်မံ ပြောဆိုသည်။

“အစိုးရဘက်က တရားဝင် စာထုတ်ပြန်ပြီး တားမြစ်တာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ကို ခေါ်တွေ့ပြီး ယာယီ ရပ်ဆိုင်းပေးဖို့ ပြောတာပါ။ အရင်အစိုးရ လက်ထက်က ခွင့်ပြုခဲ့တဲ့ဟာကို ဒီအစိုးရ လက်ထက်မှာ ဘာဆက်လုပ်မလဲ ဆိုတာ ဆွေးနွေးတာပါ။ ကျွန်းသစ်ကတော့ ကျွန်တော်တို့က ဝယ်ယူခွင့်ရတဲ့ သစ်ကိုပဲ အသုံးပြုခဲ့တာပါ။ ကိုင်းဖျား ကိုင်းနားဆိုတာ မဟုတ်ပါဘူး”ဟု ဦးပိန်တံတား တိုင်များ လဲလှယ်မှုကို တာဝန်ယူ လုပ်ဆောင်နေသည့် Myanmar Teak Wood ကုမ္ပဏီ တာဝန်ရှိသူ ဦးဇော်ဝမ်းက ပြောသည်။

အခြားနိုင်ငံများတွင် ရှေးဟောင်း အမွေအနှစ် ပစ္စည်းကို မပြင်ဆင်ဘဲ ထားသကဲ့သို့ လက်ရှိ ဦးပိန်တံတားကို ပြင်လည် ထိန်းသိမ်းရာတွင် အသုံးပြုသည့် ကျွန်းတန်ချိန် ၄၅၀၀ ကို ရောင်းချ၍ ရလာသည့် ငွေဖြင့် တံတားအသစ် တစ်ခုကို နံဘေးမှ ယှဉ်ဆောက်ကာ မူလတံတားပေါ်သို့ ပေးမဖြတ်စေခြင်းတို့ကို ပြုလုပ်သင့်ပြီး လက်ရှိတွင် အဟောင်းကို နှုတ်ကာ အသစ် ပြန်စိုက်သဖြင့် ရှေးဟောင်း အရသာ ပျောက်ပျက်သွားကြောင်း ဝန်ကြီး ဦးစိုင်းကျော်ဇောက ထပ်မံ ပြောဆိုသည်။

ဦးပိန်တံတား ပြင်ဆင်မှုအတွက် တရားဝင် ခွင့်ပြုချက်ရရှိရန် ပြည်ထောင်စု အစိုးရ၊ ရှေးဟောင်း ပညာရှင်များနှင့်တိုင်ပင်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

တံတားပြင်ဆင်ရာတွင် ရှေးမူမပျက်စေရေးအတွက် ရှေးဟောင်း သုတေသန တာဝန်ရှိသူများ၊ ပညာရှင်များ၏ အကြံဉာဏ်ပေးမှုတို့ဖြင့် ၂၀၁၆ ခုနှစ် ဧပြီလအတွင်းက ဆောင်ရွက်ခဲ့ကြောင်း Myanmar Teak Wood ကုမ္ပဏီထံမှ သိရှိရသည်။


  • VIA