News

POST TYPE

MANDALAY

ဦးပိန်တံတားပေါ်ရှိ ဈေးသည်များကို သီးခြားဆိုင်ခန်း ပေးနိုင်ရန် စီစဉ်မည်
18-Aug-2016
ပြည်တွင်း၊ ပြည်ပခရီးသွားများ နေ့စဉ် လာရောက်လည်ပတ်ရာ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ကမ္ဘာကျော် ဦးပိန်တံတားနှင့် ဇရပ်များတွင် ဈေးရောင်းချသူများကို ဖယ်ရှားနိုင်ရေးအတွက် သီးသန့်ဆိုင်ခန်းများ ပြုလုပ်ကာ နေရာပေးနိုင်အောင် စီစဉ်ပေးမည်ဖြစ်ကြောင်း အထက်မြန်မာပြည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ပြောကြားသည်။

နှစ်ပေါင်း ၁၆၅ နှစ် သက်တမ်းရှိ အဆိုပါတံတားကို ရှေးမူမပျက် ထိန်းသိမ်းရေးအတွက် ဈေးရောင်းချသူများအနေနှင့် ဈေးရောင်းချခွင့် မရှိကြောင်း အလုပ်ရုံ ဆွေးနွေးခြင်းကို သြဂုတ်လ ၁၇ ရက်နေ့က ယင်းတံတားအနီးရှိ တောင်မင်းကြီးဘုရားတွင် ပြုလုပ်ရာ ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ 

"တကယ်တော့ ရှေးဟောင်းလို့ သတ်မှတ်ထားတဲ့ နေရာတွေမှာ ထွန်ယက်စိုက်ပျိုးခြင်း၊ တိရစ္ဆာန်တွေ မွေးမြူခြင်းနဲ့ ပိတ်ဆို့ ခြံစည်းရိုး ကာရံခြင်းတွေ မလုပ်ရပါဘူး။ ပြီးတော့ ရှေးဟောင်း အဆောက်အအုံနဲ့ သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် ဓာတုပစ္စည်းများ စွန့် ပစ်ခြင်း၊ အမှိုက်သရိုက် စွန့်ပစ်ခြင်းတွေ မကျူးလွန်ရပါဘူးလို့ တားမြစ်ထားပါတယ်" ဟု ၎င်းက ထပ်လောင်း ရှင်းပြသည်။ 

ကြံ့ခိုင်မှု အားနည်းနေပြီဖြစ်သည့် ဦးပိန်တံတားပေါ်တွင် စည်းကမ်းမဲ့ ဈေးရောင်းချမှုများနှင့် လာရောက်လည်ပတ်သူ အချို့၏ စည်းကမ်း မလိုက်နာမှုများကြောင့် ၂၀၁၄ ခုနှစ်မှ စတင်၍ တံတားကြီးကို အကြီးစား ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရသဖြင့် တံတား၏ ကြံ့ခိုင်ရေးအတွက် ဝိုင်းဝန်း အလေးအနက်ထား စဉ်းစားကြရန် လိုအပ်ပြီဖြစ်ကြောင်း အမရပူရမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးနေသူမြတ်က ထည့်သွင်း ပြောကြားသည်။ 

"လူကြီးတွေ ပြောပုံအရဆိုရင် တံတားပေါ်နဲ့ ဇရပ်တွေမှာ ဈေးမရောင်းဖို့ ပြောတာပဲ။ ကျွန်မတို့မှာလည်း စားဝတ်နေရေးက ရှိသေးတယ်။ သား၊ သမီးတွေကိုလည်း ဈေးရောင်းပြီး ကျောင်းထားနေရတယ်။ ရှေးဟောင်း ဥပဒေအရ ဈေးရောင်းချခွင့် မရှိဘူးဆိုတာလည်း ကျွန်မတို့က နားလည်ထားပါတယ်။ လူကြီးတွေ ပြောတာလည်း ပြတ်သားမှုမရှိဘူး။ ရောင်းပါလို့လည်း မပြောသလို မရောင်းနဲ့လို့လည်း မတားမြစ်ဘူး။ ဥပဒေအရ ရောင်းချခွင့် မရှိတာကိုပဲ ပြောသွားတယ်" ဟု အဆိုပါ တံတားတွင် ၁၅ နှစ်ကျော်ကြာ ဈေးရောင်းချလာခဲ့သည့် ဒေါ်သီတာထွန်းက ဆိုသည်။ 

အဆိုပါ ဈေးရောင်းချသူများကို လတ်တလော ဖယ်ရှားသေးမည်မဟုတ်ဘဲ သက်ဆိုင်ရာဌာန အဆင့်ဆင့်သို့ တင်ပြပြီး ၎င်းတို့အတွက် သီးခြားဆိုင်ခန်းများ စီစဉ်ပေးရန် ရည်ရွယ်ထားကြောင်း ဦးညိုမြင့်ထွန်းက ထပ်မံဆိုသည်။

ရှေးဟောင်း အဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအခန်း (၉) တွင် အထက်ပါ တားမြစ်ချက် တစ်ခုခုကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ်ခြောက်လမှ အများဆုံး တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်တစ်ဆယ့်ငါးသိန်းအထိ ငွေဒဏ်ဖြစ်စေ ချမှတ်ရမည်ဟု ပါရှိသည်။  


  • VIA