News

POST TYPE

MANDALAY

သပိတ်ကျင်းဒေသခံများ ကန့်ကွက်ထားသည့် ရွှေချက်စက်ရုံကို ဆက်လက်လုပ်ကိုင်ရန် ပြင်ဆင်မှု ထပ်မံတိုင်ကြား
18-Aug-2016
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် အုံးဇုံးကျေးရွာအုပ်စု ဝက်သေကျေးရွာ တောင်ဘက်ရွာမြေပေါ်တွင် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်က ဒေသခံများ ကန့်ကွက်ထားသည့် ရွှေချက်စက်ရုံကို ဆက်လက်လုပ်ကိုင်ရန် ပြင်ဆင်လာသည့်အတွက် သြဂုတ်လ ၁၆ ရက်နေ့က သက်ဆိုင်ရာ တာဝန်ရှိသူများသို့ တင်ပြတိုင်ကြားခဲ့ကြောင်း ယင်းဝက်သေကျေးရွာ ဒေသခံများက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဧပြီလအတွင်းက ယင်းကျေးရွာမြေပေါ်တွင် တရုတ်လူမျိုးများ တည်ဆောက်ထားသော ရွှေချက်စက်ရုံကို ဖျက်သိမ်းရန် မြို့နယ်အာဏာပိုင် အဖွဲ့အစည်းများက ညွှန်ကြားထားသည်ကို မဖျက်သိမ်းသည့်အပြင် လက်ရှိ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က ပြန်လည်ရောက်ရှိလာကာ လုပ်ကိုင်ရန် ပြင်ဆင်လာကြောင်း ဝက်သေကျေးရွာ ဖွံ့ဖြိုးရေး ဦးဆောင်သူ ဦးမောင်ကြီးက ပြောကြားသည်။

ယင်းစက်ရုံသည် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ခွင့်ပြုချက်များ မရရှိဘဲ အခိုင်အမာ တည်ဆောက်ခဲ့သည့်အတွက် မြို့နယ် သတ္တုတွင်းလုပ်ငန်း တာဝန်ခံနှင့် မြို့နယ်အုပ်ချုပ်ရေးရုံး တာဝန်ရှိသူများက ဖျက်သိမ်းရန် ညွှန်ကြားထားသော စက်ရုံဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

"ရွှေချက်စက်ရုံ လုပ်ကိုင်ဖို့ ကျေးရွာက ဒေသခံတစ်ဦးကလည်း နာမည်ခံပေးထားတယ်။ ဒါကို လက်မခံကြလို့ တိုင်စာတွေတင်တော့ မြို့နယ်က ဖျက်သိမ်းပေးဖို့ ညွှန်ကြားထားတာကို မလိုက်နာဘဲ အခု ပြန်လုပ်ဖို့ ပြင်ဆင်လာတဲ့အတွက် ထပ်တိုင်တာပါ။ အခုကျွန်တော်တို့ တိုင်စာတက်လို့ သူတို့ ၁၆ ရက်နေ့က ပြန်တယ်လို့ ကြားရပါတယ်"ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

ယင်းဝက်သေကျေးရွာတွင် တရုတ်လူမျိုးများ ရောက်ရှိနေကြောင်း ဒေသခံများက ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်သတင်းပို့ခဲ့ပြီး သြဂုတ်လ ၁၄ ရက်နေ့ ညနေပိုင်းက ၎င်းတို့ ပြန်လည်ထွက်ခွာသွားသည်ဟု သိရကြောင်း ဝက်သေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းတင့်က ပြောကြားသည်။

ယင်းသို့ လုပ်ငန်းလုပ်ကိုင်ရန် ပြင်ဆင်သူက မြို့နယ် လဝကရုံးသို့ လာရောက်၍ နိုင်ငံခြားသားနေထိုင်ပါက မည်သို့မည်ပုံ နေထိုင်ရမည်ကိုသာ လာရောက်မေးမြန်း၍ ပြန်လည်ထွက်ခွာသွားကြောင်း သပိတ်ကျင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ စုံစမ်းသိရှိရသည်။

ကျေးရွာဒေသခံတစ်ဦး၏ တိုင်ကြားမှုအရ မြို့နယ်သတ္တုတွင်းလုပ်ငန်း တာဝန်ရှိသူများက ယင်းကိစ္စကို လိုက်လံ စစ်ဆေးလျက်ရှိပြီး ယခင်က အဆိုပါ လုပ်ကွက်ကို ဖျက်သိမ်းပေးရန် ညွှန်ကြားထားသည်မှာ မှန်ကန်ပြီး လက်ရှိတွင်လည်း လုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုထားခြင်း မရှိသေးကြောင်း သပိတ်ကျင်းမြို့နယ် ၅-မိုင်ကျေးရွာ သတ္တုတွင်းလုပ်ငန်း လက်ထောက်တာဝန်ခံ ဦးမောင်မောင်အေးက ရှင်းလင်း ပြောကြားသည်။         


  • VIA