News

POST TYPE

MANDALAY

ပုဂံ မြင်ကွင်း ကွယ်နေသည့် ဆိုင်းဘုတ်များ သက်တမ်းတိုးခွင့်မပြု

မန္တလေး၊ မေ ၁၈

ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ရှေးဟောင်းဘုရားများ၊ အဆောက်အအုံများ၏ မြင်ကွင်းများကို ကွယ်နေသည့် ကြော်ငြာဆိုင်းဘုတ်များကို လက်ရှိဘဏ္ဍာနှစ်မှစ၍ သက်တမ်းတိုးခွင့် မပြုကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ပုဂံ-ညောင်ဦး ဒေသတွင် ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်မှစ၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အထိ ခွင့်ပြုထားသည့် ကြော်ငြာဆိုင်းဘုတ် ၃၀၂ ခုရှိကြောင်း၊ ယင်းဆိုင်းဘုတ်များအနက် အချို့သော ဆိုင်းဘုတ်များသည် ရှေးဟောင်း ဘုရားများ၏ မြင်ကွင်းကို ကွယ်နေကြောင်း၊ ယင်းသို့ မြင်ကွင်း ကွယ်နေသည့် ဆိုင်းဘုတ်များ၊ ယာဉ်လမ်းကြော ကွယ်နေသည့် ဆိုင်းဘုတ်များကို လက်ရှိ ဘဏ္ဍာနှစ်မှစတင်၍ သက်တမ်းတိုးခွင့် မပေးတော့ကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောကြားသည်။

“တချို့ကြော်ငြာ ဆိုင်းဘုတ်ကြီးတွေက ရှေးဟောင်းဘုရားတွေကို ကွယ်နေတာတွေ ရှိတယ်။ ဥပမာ-ညောင်ဦးမြို့အဝင် ဘုရားနီဘုရားနားက ဆိုင်းဘုတ်ကြီးဆိုရင် ဘုရားနီဘုရားကို ကွယ်တယ်။ ဒါမျိုးတွေကို လက်ရှိ ဘဏ္ဍာနှစ်မှာ ခွင့်မပြုတော့ဘူး။ ရှေးဟောင်းစေတီပုထိုးတွေ အဆောက်အအုံတွေနဲ့ လွတ်တဲ့နေရာ သတ်မှတ်ပေးပြီး အဲ့ဒီနေရာတွေမှာ ဆိုင်းဘုတ် ထောင်ရမယ်”ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ဘုရားမြင်ကွင်းများနှင့် ယာဉ်လမ်းကြော ကွယ်နေသည့် ဆိုင်းဘုတ်များကို စိစစ်နိုင်ရန် အဖွဲ့ဝင် ၁၅ ဦးပါသည့် စိစစ်ရေးအဖွဲ့ကို မေလ ပထမပတ်အတွင်းက ဖွဲ့စည်းထားပြီးဖြစ်၍ ယခုလအတွင်း စတင် လုပ်ဆောင်ရန် ရည်မှန်းထားကြောင်း၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ကြော်ငြာခွင့် ပြုထားသည့် ဆိုင်းဘုတ်များအပြင် တရားမဝင် ကြော်ငြာထားသည့် ဆိုင်းဘုတ်များကိုပါ အချိန်တစ်ခု သတ်မှတ်၍ သတိပေးခြင်းများ၊ ဖြုတ်သိမ်းခိုင်ခြင်းများ ပြုလုပ်မည် ဖြစ်ကြောင်း လုပ်ငန်းစီမံချက်အရ သိရသည်။

ပုဂံ-ညောင်ဦး ဒေသသို့ လာရောက်သည့် နိုင်ငံခြားသားများ အနေနှင့် ဘုရားများကို ကွယ်နေသည့် ဆိုင်းဘုတ်များနှင့်ပတ်သက်၍ ဝေဖန်မှုများ ရှိကြောင်း၊  နိုင်ငံခြား တိုင်းပြည်များရှိ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေများတွင် ကြီးမားသည့်ဆိုင်းဘုတ်များ မတွေ့ရသောကြောင့် ဘုရားများနှင့် ဝေးသည့်နေရာများတွင်သာ လုပ်သင့်သည်ဟု ပြောဆိုမှုများရှိကြောင်း အဆိုပါ ဒေသရှိ ဧည့်လမ်းညွန်အချို့က ပြောကြားသည်။

“ညောင်ဦးကနေ ပုဂံကိုသွားတဲ့လမ်းမှာ ဆပဒဘုရားဆိုတာ ရှိတယ်။ ဒီဘုရားက ညောင်ဦးကနေ ပုဂံကိုသွားရင် ပထမဦး ဆုံးတွေ့ရတဲ့ ဘုရားပေါ့။ အဲဒီဘုရားနားမှာ ဆိုင်းဘုတ်တွေ အများကြီးပဲ။ ဘုရားရဲ့ အပေါ်ပိုင်းလေးပဲ မြင်ရတယ်။ ဒါတွေကို အမြန်ဆုံး ဖယ်ရှားသင့်တယ်”ဟု ပုဂံဧည့်လမ်းညွန် အသင်းနာယက ဦးဇော်ဝင်းချိုက ပြောဆိုသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ် မြေအတွင်း၌ ရှေးဟောင်း ဘုရားစေတီများနှင့် အဆောက်အအုံပေါင်း ထောင်ချီရှိနေရာ လက်ရှိတွင် ယင်းဒေသကို ကမ္ဘာ့ အမွေအနှစ်စာရင်း တင်သွင်းနိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက လုပ်ဆောင်နေသည်။

ကြော်ငြာဆိုင်းဘုတ်အသစ် လျှောက်ထားခြင်းများကို ၂၀၁၅ ခုနှစ် ကစ၍ ခွင့်မပြုတော့ကြောင်း ၊မူလရှိထား ပြီးသား ဆိုင်းဘုတ်  ၃၀၂ ခုကို ရှေးဟောင်း ဘုရားများနှင့် လွတ်ကင်းသည့် နေရာတွင် စိုက်ထူနိုင်ရန် အုပ်ချုပ်ရေးပိုင်းနှင့် ပူးပေါင်း၍ နေရာရှာဖွေလျက်ရှိကြောင်း၊ ပုဂံ- ညောင်ဦး စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်း ခွင့်ပြုချက်မရှိဘဲ ဆိုင်းဘုတ်များ စိုက်ထူပါက စည်ပင်သာယာရေး ကော်မတီ ဥပဒေအရ ဒဏ်ငွေ ပေးဆောင်စေခြင်းများ၊ ဆိုင်းဘုတ် ဖြုတ်သိမ်းစေခြင်းများ ပြုလုပ်နိုင်ကြောင်း မန္တလေးတိုင်း စည်ပင်သာယာရေး ဝန်ကြီးဌာန ညွန်ကြားရေးမှူး ဦးမင်းအောင်မြင့်စိုးက ပြောကြားသည်။

ပုဂံ-ညောင်ဦးဒေသရှိ သက်ဆိုင်ရာ ဌာနများ၊ လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်း၍ မေလ ၂၇ ရက်နေ့ကစ၍ သစ်ပင်များ၊ အုတ်တံတိုင်းများတွင် ကပ်ထားသည့် ကြော်ငြာများကို ဖယ်ရှားရန် ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက စီစဉ်နေသည်။

M-05