News

POST TYPE

MANDALAY

မန္တလေးမြို့ပေါ် လမ်းအချို့ ရေလျှံ မော်တော်ယာဉ်များ သွားလာရေး ခက်ခဲ
17-May-2017 tagged as မန္တလေး


မန္တလေး၊ မေ ၁၇

မန္တလေးမြို့တွင် မေလ ၁၆ ရက်နေ့ ညပိုင်းက ရွာသွန်းခဲ့သည့်မိုးကြောင့် လမ်းမအချို့တွင် ရေလျှံမှုများ ဖြစ်ခဲ့ပြီး မော်တော်ယာဉ်များ သွားလာရာတွင် အခက်အခဲ ဖြစ်ခဲ့ရသည်။

“အရင်နှစ်တွေက ဒီလောက် မများဘူး။ ဝင်တော့ ဝင်တာပေါ့။ နည်းနည်းပဲ ဝင်လေ့ရှိတာ။ ဒီနှစ်ကျတော့ ရေဝင်နေကျ ကန်ကြီးက မြေတွေဖို့ထားတာဆိုတော့ ရေကဝင်စရာ မရှိဘဲ လမ်းပေါ် ရောက်လာတာ”ဟု ယင်းလမ်းဘေးတွင် နေထိုင်သည့် အသက် ၆၀ ခန့်ရှိ အမျိုးသားတစ်ဦးက ပြောကြားသည်။

အောင်မြေသာစံမြို့နယ် ၇၃ လမ်း (မတ္တရာ-မန္တလေးသွားလမ်း) ရတနာပုံတိရစ္ဆာန်ရုံ အနောက်ဘက်နှင့် ၇၆ လမ်းတို့တွင် ရေလျှံနေခြင်းဖြစ်ရာ ယင်းနေရာများတွင် မော်တော်ကားများ ခက်ခဲစွာ ဖြတ်သန်းနေရပြီး ဆိုင်ကယ်များမူ လုံးဝ ဖြတ်သန်း၍ မရကြောင်း မန္တလေးမြို့ခံများက ပြောဆိုသည်။

ယင်းအပြင် အောင်မြေသာစံမြို့နယ် ၁၉ လမ်းနှင့် ၈၆ လမ်းရှိ ညောင်ပင်ဈေးအတွင်း ရေများ ဝင်ရောက်မှုကြောင့် ဈေးဆိုင် အများစု ပိတ်ထားရပြီး ဖွင့်လှစ်ထားသည့်ဆိုင် အနည်းငယ်မှာလည်း ဈေးရောင်းရခြင်း မရှိကြောင်း၊ ယင်းဈေးသည် ရွှေတစ်ချောင်း မြောင်းဘေးတွင် တည်ရှိနေသည့်အတွက် ယင်းမြောင်းအတွင်းမှ ရေများ လျှံတက်ကာ ဈေးအတွင်းသို့ ရေဝင်ခြင်းဖြစ်ကြောင်း အထည်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

“မိုးများတိုင်း ရေဝင်နေကျပါပဲ။ အဓိကကတော့ မြောင်းဘေးမှာ ရှိနေတာကြောင့်ပဲ။ မြောင်းက ရေမစီးတဲ့အတွက် မြောင်းထဲက လျှံသမျှ ရေတွေက အကုန် ဝင်တာပါပဲ။ ကျွန်တော်တို့ အထည်တန်းကတော့ အဆိုးဆုံးပဲဗျာ။ အခြားအတန်းတွေမှာ သိပ်မရှိပေမယ့် အထည်တန်း နှစ်ရုံစလုံး ဝင်ပါတယ်။ မြောက်ဘက်ရုံကတော့ ပိုဆိုးတယ်”ဟု ၎င်းကဆိုသည်။

မန္တလေးမြို့တော်၌ မိုးရွာသွန်းမှုများတိုင်း ရေလျှံလေ့ရှိခြင်းမှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကြောင့်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

M-04