News

POST TYPE

MANDALAY

ကိုရင်သုံးပါးကို ဘောလုံးကန်ခိုင်းပြီး နိုင်ငံခြားသားများကို ဓာတ်ပုံ ရိုက်စေခဲ့သူကို တရားစွဲ
16-May-2017 tagged as

မန္တလေး၊ မေ ၁၆

ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းတွင် နိုင်ငံခြားသား ဧည့်သည်များ ဓာတ်ပုံ ရိုက်နိုင်စေရေးအတွက် ကိုရင်များကို ဘောလုံး ကန်ခိုင်းခဲ့သူကို မေလ ၁၅ ရက်နေ့က တရားစွဲဆိုခဲ့ကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။ 

ပုဂံမြို့ဟောင်း ဆုတောင်းပြည့် ကျောင်းတိုက်မှ အသက် ၁၁ နှစ်မှ ၁၂ နှစ်ကြားရှိ ကိုရင်သုံးပါးကို ခရီးသွား လုပ်ငန်းတစ်ခုမှ အဖွဲ့ခေါင်းဆောင် ဦးမင်းမင်းက မေလ ၁၀ ရက်နေ့တွင် ဘောလုံးကွင်း တစ်ခုအတွင်း ဘောလုံး ကန်စေခဲ့ပြီး ခရီးသွားဧည့်သည်များကို ဓာတ်ပုံ ရိုက်စေခဲ့ကြောင်း ယင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အရာထမ်းတစ်ဦးက ပြောကြားသည်။

“ဒီဖြစ်စဉ်မှာ ဧည့်လမ်းညွှန်က သူ့ ဧည့်သည်တွေ ဓာတ်ပုံရိုက်လို့ရအောင် ကိုရင်သုံးပါးကို ဘောလုံးကန်ခိုင်းတာပေါ့နော်။ ကိုရင်လေးတွေ ဘောလုံးကန်တာကို တရုတ်နိုင်ငံသားတွေက ရှုထောင့်ပေါင်းစုံကနေ ဓာတ်ပုံတွေ ရိုက်ကြတာ။ ဒါက သာသနာရေးအရ ကြည့်ရင် အကြည်အညို ပျက်စေပါတယ်”ဟု ၎င်းအရာထမ်းက ရှင်းပြသည်။ 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ခရိုင် အထွေထွေ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ခရိုင်စီမံခန့်ခွဲရေး ကော်မတီဝင်များ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း၊ မေလ ၁၅ ရက်နေ့တွင် ဆုတောင်းပြည့် ကျောင်းတိုက်မှ တိုက်အုပ် ဆရာတော်က တိုင်စာ ပေးပို့တိုင်ကြားခဲ့ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။ 

“ကျွန်တော်တို့နိုင်ငံရဲ့ အစဉ်အလာအရ ဘာသာရေးဟာ အရမ်း အကဲဆက်လွန်းတဲ့ကိစ္စ တစ်ခုဖြစ်ပါတယ်။ ဒီဘက်ကာလမှာ နိုင်ငံခြားသား ဧည့်သည်တွေက  တောင်းဆိုမှုတွေ များလွန်းလာတယ်ဗျ။ ဆိုလိုတာက ဓာတ်ပုံ ရိုက်ချင်တဲ့အရာကို မော်ဒယ်လိုမျိုး သရုပ်ဆောင်ခိုင်းတာမျိုးတွေအထိ ရှိလာတယ်။ ဒါတွေကို ဧည့်လမ်းညွှန်တွေက သတိထားသင့်ပါတယ်။ ဧည့်သည်က တောင်းဆိုရင်တောင် ငြင်းသင့်တာပေါ့နော်။ တချို့ ဧည့်သည်တွေက ဒီနိုင်ငံရဲ့ ရှောင်ရန် ဆောင်ရန်တွေကို သိသိနဲ့ ကျူးလွန်တာမျိုးတွေ၊ စီးပွားရေးအရ အမြတ် ထုတ်တာမျိုးတွေ ရှိလာတာ တွေ့ရပါတယ်”ဟု မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း နာယက ဦးတင်ထွန်းက ယင်းဖြစ်စဉ်အပေါ် မှတ်ချက်ပြုသည်။

ယင်းကဲ့သို့သော ဖြစ်စဉ်များ မဖြစ်ပေါ်စေရေးအတွက် ခရီးသွားလုပ်ငန်း ကုမ္ပဏီများ အနေနှင့် ကုမ္ပဏီဧည့်လမ်းညွှန်များကို စည်းကမ်းများ သေချာစွာ ထုတ်ပြန် သတိပေးခြင်း၊ ဟိုတယ်နှင့်ခရီး သွားဝန်ကြီးဌာန အနေနှင့်လည်း ထပ်မံ သတိပေးခြင်းများ ထုတ်ပြန်သင့်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ယင်းသို့ တိုင်ကြားခဲ့သည့်အတွက် ညောင်ဦးမြို့နယ် ပုဂံနယ်မြေရဲစခန်းမှူးက တရားလိုပြုလုပ်ကာ ဦးမင်းမင်းကို ရဲ အရေးပိုင်မှု (ပ) ၁/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၅-က ဖြင့် အမှုဖွင့်ကာ တရားစွဲတင်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

၂၀၁၆ ခုနှစ် အတွင်းကလည်း အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်း တိုက်အတွင်းရှိ ဆွမ်းစားဆောင်တွင် သာမဏေများ၏ မတင့်မတယ်ဖြစ်နေပုံကို နိုင်ငံခြားသား အချို့က ဓာတ်ပုံရိုက်ခဲ့သည့်အတွက် ဧည့်လမ်းညွှန်အသင်းများက ကြေညာချက်များ ထုတ်ပြန် သတိပေးခဲ့ရဖူးသည်။

M-04

  • TAGS