News

POST TYPE

MANDALAY

ခဲပန်းချီကံညွန့် နှစ် ၁၀ဝ ပြည့် အထိမ်းအမှတ် ပန်းချီပြပွဲ ကျင်းပရန်စီစဉ်
မန္တလေး၊ မေ ၁၄

ပန်းချီလောကသားများ ပူးပေါင်း၍ ကွယ်လွန်သူ ခဲပန်းချီဆရာကြီး ပန်းချီ ဦးကံညွန့်၏ နှစ် ၁၀ဝ ပြည့် မွေးနေ့ အထိမ်းအမှတ် ပန်းချီပြပွဲ နိုဝင်ဘာလအတွင်း ပြုလုပ်ရန် စီစဉ်နေကြောင်း အဆိုပါ ပန်းချီပြပွဲဖြစ်မြောက်ရေး ဦးဆောင်သူ ဦးမိုးမြင့် (မန္တလေးတောင် ပန်းချီပြခန်း) က ပြောကြားသည်။

ဆရာကြီး ဦးကံညွန့်သည် မြန်မာ့ ပန်းချီလောကနှင့် ခဲပန်းချီလောကတွင် မမေ့သင့်သည့် ဆရာကြီးတစ်ဦးဖြစ်ကြောင်း၊ ခဲပန်းချီလောက၏ ရှေ့ဆောင် ပုဂ္ဂိုလ်များထဲတွင်လည်း တစ်ဦးအပါအဝင်ဖြစ်ကြောင်း၊ ယင်းကြောင့် ဆရာကြီး၏ နှစ် ၁၀ဝ ပြည့် ပန်းချီပြပွဲကျင်းပရန် စီစဉ်ရခြင်းဖြစ်ကြောင်း၊ ဆရာကြီးသည် အသက် ၇၀ နှစ်အရွယ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း ၎င်းကပြောဆိုသည်။

“ပြပွဲကတော့ နိုဝင်ဘာ ၁၇ ရက် နေ့ကနေ ၂၁ ရက်နေ့ထိ မန္တလေးတောင် ပန်းချီပြခန်းမှာလုပ်ဖို့ သတ်မှတ်ထားပါတယ်။ အခုဟာက ပြပွဲသက်သက်တင် မဟုတ်ပါဘူး၊ ဒီပြပွဲမှာ ရောင်းလို့ရတဲ့ ပန်းချီကားတန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းကို လှူဒါန်းကြဖို့လည်း စီစဉ်ထားတယ်”ဟု ဦးမိုးမြင့်က ရှင်းပြသည်။

ဆရာဦးကံညွန့်၏ လက်ရာ ပန်းချီကား များစွာရှိရာ အဆိုပါ ပန်းချီကားများမှာ တန်ဖိုးမဖြတ်နိုင်သော ပန်းချီကားများဖြစ်ကြောင်း၊ အဆိုပါ ပန်းချီပြပွဲတွင် ဆရာကြီး ရေးဆွဲခဲ့သော ပန်းချီကားများကို တစ်နေရာတည်းတွင် တွေ့မြင်ခံစားနိုင်မည်ဖြစ်ကြောင်း မန္တလေးမြို့ခံ ပန်းချီဆရာ မြင့်ထွန်းက ပြောကြားသည်။

ဆရာဦးကံညွန့် နှစ် ၁၀ဝ ပြည့် ပန်းချီပြပွဲ အထိမ်းအမှတ်အဖြစ် ခဲပန်းချီ ၁၀ဝ စာအုပ်ကိုလည်း ထုတ်ဝေရောင်းချမည်ဖြစ်ရာ ဆရာကံညွန့် ရေးဆွဲထားသော ပန်းချီကားများကို ပိုင်ဆိုင်ထားသူများ ပူးပေါင်း ပါဝင်နိုင်ရန် မန္တလး တောင်ပန်းချီပြခန်းက ဖိတ်ခေါ်ထားသည်။

M-03