POST TYPE

MANDALAY

ဂျာမနီ အကူအညီဖြင့် ဦးပိန်တံတားကို ၂၀၁၈ နှစ်ဆန်းပိုင်း စပြင်ရန် စီစဉ်
14-May-2017 tagged as မန္တလေး

မန္တလေး၊ မေ ၁၃

အမရပူရမြို့နယ်ရှိ တောင်သမန်အင်းကို ဖြတ်သန်းဖောက်လုပ်ထားသည့် ဦးပိန်တံတားကို ဂျာမနီပညာရှင်များ၏ နည်းပညာပိုင်းဆိုင်ရာ အကူအညီဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် စတင်ပြင်ဆင်နိုင်ရန် စီစဉ်နေကြောင်း နည်းပညာတက္ကသိုလ် (မန္တလေး) ဗိသုကာဌာနမှ ဒေါက်တာဒေါ်ဇာခြည်မင်းက ပြောကြားသည်။

“မြို့တော်ဝန်ရဲ့ တောင်းဆိုချက်အရ ဦးပိန်တံတား ပြင်ဆင်ဖို့ ဂျာမနီနိုင်ငံ ပညာရှင်တွေရဲ့ အကူအညီရရှိရေး ၂၀၁၅ ခုနှစ် အတွင်းက စခဲ့တာ ဖြစ်ပါတယ်။ အခုလေ့လာမှုတွေ လုပ်နေပါပြီ။ ကျွန်မတို့အနေနဲ့ ဇန်နဝါရီလမှာ ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့ မျှော်မှန်းထားတယ်။ နည်းပညာပိုင်းအရ ထောက်ပံ့မှုတွေပေးဖို့ စီစဉ်ထားချက်အရပေါ့လေ။ ဒီဘက်က ကျွန်းသစ်ရဖို့နဲ့ ဘတ်ဂျက်ရဖို့ကတော့ အစိုးရအဖွဲ့ရဲ့ အခြေအနေကို ကြည့်ရဦးမှာပါ၊ သစ်မရရင်တော့ ခန့်မှန်းထားတဲ့အချိန်မှာ စနိုင်မှာ မဟုတ်ဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဂျာမနီနိုင်ငံမှ သစ်တောပညာရှင်များ၊ ဗိသုကာပညာရှင်များနှင့် နည်းပညာတက္ကသိုလ် (မန္တလေး) မှ ကျောင်းသားကျောင်းသူများ၊ ဆရာ၊ ဆရာမများ ပူးပေါင်းအဖွဲ့သည် မေလ ဒုတိယပတ်အတွင်း ဦးပိန်တံတား၏ ပျက်စီးနေမှု အခြေအနေများ၊ ပြင်ဆင်ရန် လိုအပ်သည့် အချက်များကို လေ့လာစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြသည်။

ဂျာမနီပညာရှင်များ အနေနှင့် ဦးပိန်တံတား၏ ပျက်စီးနေမှု အခြေအနေ၊ တည်ဆောက်မှုပုံစံ အလွဲအမှားများ၊ ပြင်ရန်လိုသည်များကို လေ့လာထားပြီး ဖြစ်ရာ အဆိုပါတံတား ရေရှည်တည်တံ့နိုင်ရေးအတွက် လိုအပ်သည်များကိုလည်း အကြံပြုထားပြီး ဖြစ်ကြောင်း၊ ယင်းအကြံပြုချက်များအတိုင်း ပြင်ဆင်နိုင်ရေး လုပ်ဆောင်မည် ဖြစ်ဖြစ်ကြောင်း၊ ယင်းတံတား ပြင်ဆင်ရေးအတွက် ယခင်ကလည်း ကျွန်းသစ် တန် ၁၀၀၀ နီးပါး ထုတ်ယူသုံးစွဲ ခွင့်ပြုထားခဲ့သည့်အတွက် ဘတ်ဂျက်ထပ်တောင်းရန် အခက်အခဲ ရှိနေသော်လည်း လာမည့် ထပ်တိုးဘတ်ဂျက်တင်ချိန်တွင် ထည့်သွင်းတောင်းဆိုရန် အစီအစဉ်ရှိကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားသည်။

ဦးပိန်တံတား ပြင်ဆင်ရေးအတွက် Myanmar Teakwood ကုမ္ပဏီက ကျွန်းသစ်တန်တစ်ထောင်နီးပါး ထုတ်ယူထားကာ ၂၀၁၆ ခုနှစ် မတ်လအတွင်းက စတင်ပြင်ဆင်ခဲ့သော်လည်း ရှေးဟောင်းသုတေသနနှင့် ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ရပ်နားခဲ့ရသည်။

လက်ရှိတွင် ဦးပိန်တံတားကို ရှေးယခင်ကအတိုင်း ပြန်လည်ပြင်ဆင်ခြင်း၊ ယခင်က မှားယွင်းခဲ့သည့် တည်ဆောက်ပုံများကို ပြန်လည်ပြင်ဆင်ခြင်း၊ ရာသီဥတုဒဏ် ပိုမိုခံနိုင်ရည်ရှိမည့် နည်းလမ်းများ အသုံးပြုပြင်ဆင်ရန် ဂျာမနီနိုင်ငံမှ သစ်ပညာရှင်များနှင့်အတူ နည်းပညာတက္ကသိုလ် (မန္တလေး) တို့ ပူးပေါင်းကြိုးစားနေခြင်း ဖြစ်သည်။

M-04