News

POST TYPE

MANDALAY

တရားမဝင် သစ်ထုတ်လုပ် ရောင်းဝယ်ခြင်းကို တိုက်ဖျက်ရန် ဖွဲ့စည်းမည်
10-May-2017 tagged as သစ် တရားမဝင်

မန္တလေး၊ မေ ၁၀

မြန်မာနိုင်ငံနှင့် ဥရောပ သမဂ္ဂတို့ ပူးပေါင်း လုပ်ဆောင်မည့် တရားမဝင် သစ်ထုတ်လုပ်ခြင်းနှင့် ကုန်သွယ်ခြင်းကို တိုက်ဖျက်ရေး (FLEGT- VPA) လုပ်ငန်းစဉ်အတွက် မန္တလေးတိုင်း အလုပ်အမှုဆောင်အဖွဲ့ကို မေလ ဒုတိယပတ်အတွင်း ဖွဲ့စည်းမည်ဖြစ်ကြောင်း ယင်းလုပ်ငန်း အဖွဲ့ဝင်များထံမှ သိရသည်။

“အရပ်ဘက် အဖွဲ့အစည်းတွေ သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့တွေနဲ့ တိုင်းအဆင့် ဖွဲ့စည်းနိုင်ဖို့၊ ဒေသတွင်း ပြဿနာတွေကို တိုင်းအဆင့်မှာပဲ မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်ဖို့၊ ဒေသခံပြည်သူတွေအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာတွေဆီမှာ တင်ပြဆွေးနွေးနိုင်မယ့် ပလက်ဖောင်းတစ်ခု ပေါ်ပေါက်လာဖို့ ရည်ရွယ် ဖွဲ့စည်းသွားမှာဖြစ်ပါတယ်”ဟု FLEGT- VPA အဖွဲ့ ပေါ်ပေါက်ရေး ကြားဖြတ်လုပ်ငန်း အဖွဲ့ဝင် ဦးစိုးဟိန်းက ပြောကြားသည်။

ယင်းလုပ်ငန်း စီမံချက်သည် တရားမဝင် သစ်ထုတ်ခြင်းနှင့် ကုန်သွယ်ခြင်းကို တိုက်ဖျက်နိုင်မည့်အပြင် ဈေးကွက် ဝယ်လိုအားနှင့် စီးပွားရေး အခွင့်အလမ်း အလားအလာများကြောင့် သစ်တင်ပို့သည့် နိုင်ငံများအနေနှင့် ကောင်းမွန်သော သစ်တော စီမံအုပ်ချုပ်မှု၊ ပိုမိုပွင့်လင်းမြင်သာသော၊ ပူးပေါင်း ပါဝင်သော၊ တာဝန်ယူမှုရှိသော စီမံအုပ်ချုပ်မှု တိုးမြှင့်နိုင်ရေးအတွက် အထောက်အပံ့ ဖြစ်စေနိုင်သော စီမံချက်တစ်ခုဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံနှင့် ဥရောပ သမဂ္ဂတို့၏ FLEGT- VPA လုပ်ငန်းစဉ် မန္တလေးတိုင်း အရပ်ဘက် အဖွဲ့အစည်းများ ဆွေးနွေးပွဲနှင့် တိုင်းအဆင့် အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ခြင်းကို သပိတ်ကျင်းမြို့နယ် အောင်သာယာကျေးရွာရှိ အောင်ဇေယျာ ကျောင်းတိုက်တွင် မေလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ကျင်းပမည်ဖြစ်သည်။        

M-01