News

POST TYPE

MANDALAY

တိုင်ကြားခံရသည့် Horizon ကျောင်း နာမည်ပြောင်း၍ ဆက်ဖွင့်မည်
10-May-2017 tagged as ပညာရေး


မန္တလေး၊ မေ ၉

ကိုယ်ပိုင် အထက်တန်းကျောင်း မှတ်ပုံတင်မရှိသဖြင့် ပညာရေးဝန်ကြီးဌာနက အမှုဖွင့်တိုင်ကြားထားသည့် Horizon နိုင်ငံတကာကျောင်းကို နာမည်ပြောင်း၍ ပုံမှန်ကျောင်းဖွင့်ချိန် ဇွန်လတွင် ဆက်ဖွင့်မည်ဖြစ်ကြောင်း အဆိုပါကျောင်း ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာ အောင်ကျော်ဆန်းက ပြောကြားသည်။

အဆိုပါကျောင်းသည် တစ်နိုင်ငံလုံးတွင် ကျောင်း ၆ ကျောင်း ဖွင့်လှစ်ထားသည်။

ရန်ကုန်မြို့ သာကေတရှိ ကျောင်းကို Shu Khin Thar International College၊ ဗဟန်းရှိကျောင်းများကို Bahan International Science Academy, Bahan International Kindergarten, မန္တလေးရှိကျောင်းများကို Mandalay International Science Academy, Mandalay International Kindergarten, နေပြည်တော်ရှိ ကျောင်းကို International Kindergarten ဟု အမည် ပြောင်းလိုက်သည်။

အဆိုပါကျောင်းသည် မူလက Mediterranean International Education Service ကုမ္ပဏီအဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်ခဲ့သော်လည်း လွန်ခဲ့သည့် တစ်နှစ်ခန့်မှစ၍ မြန်မာနိုင်ငံသားပိုင် Bright Future International Education Service ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားပြီး ဖြစ်ကြောင်း ယခင် ကုမ္ပဏီမှာ ထိုအချိန်ကတည်းက ဖျက်သိမ်းခဲ့ကြောင်း ဒေါက်တာအောင်ကျော်ဆန်းက ရှင်းပြသည်။ 

“Mediterranean က လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက အပြီးအပိုင် ဖျက်သိမ်းထားတာပါ၊ အဲဒီမှာတစ်ခါတည်း မြန်မာနိုင်ငံသားပိုင် အနေနဲ့ BFI Education Service အဖြစ် မှတ်ပုံတင်လိုက်တာပါ။ ကုမ္ပဏီနာမည်ကတော့ ပြောင်းတာ မဟုတ်ပါဘူး။ ကျောင်းတွေ အမည်ပဲ ပြောင်းတာပါ။ ကျောင်းသား အရေအတွက်ကတော့ ကျွန်တော် ထုတ်ပြန်ခွင့်မရှိတဲ့ သတင်း အချက်အလက် ဖြစ်ပါတယ်ခင်ဗျ”ဟု ဒေါက်တာအောင်ကျော်ဆန်းက ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာန အနေနှင့် မည်သို့တုံ့ပြန်မည်ကို ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်မြဲနှင့် အခြေခံပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းထံ The Voice က ဖုန်းဆက်သွယ် မေးမြန်းသော်လည်း မေးမြန်းခွင့် မရရှိပေ။

Horizon International School မူကြို/အထက်တန်းကျောင်းသည် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ထားခြင်း မရှိဘဲ ဖွင့်လှစ်ခဲ့သည်ဟုဆိုကာ ကျောင်း ၆ ကျောင်း၏ ကျောင်းတည်ထောင်၊ အုပ်ချုပ်သူကို ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေ ပုဒ်မ ၃၃ အရ အရေးယူနိုင်ရန် ပညာရေးဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးများက မြို့နယ် ရဲတပ်ဖွဲ့ထံ အမှုဖွင့် တိုင်ကြားခဲ့သည်။

ယင်းသို့ တိုင်ကြားခြင်းသည် ပညာရေးဝန်ကြီးဌာန အနေနှင့် နားလည်မှု လွဲမှားခြင်းသာ ဖြစ်နိုင်သည်ဟု အဆိုပါ ကျောင်းတာဝန်ရှိသူများက ယူဆထားပြီး  ကိုယ်ပိုင်ကျောင်း ဥပဒေဖြင့်လည်း ငြိစွန်းခြင်းမရှိဘဲ အမှုဖွင့်ထားခြင်းကိုလည်း ဥပဒေနှင့်အညီ ဖြေရှင်းမည်ဖြစ်ကြောင်း ဒါရိုက်တာအဖွဲ့ဝင်များက ပြောကြားထားသည်။

Horizon ကျောင်းသည် ပညာရေးဝန်ကြီးဌာန ပြဋ္ဌာန်းသည့် သင်ရိုးညွှန်းတမ်းများကို သင်ကြားသည့်ကျောင်း မဟုတ်ဘဲ ဗြိတိန်နိုင်ငံ ကိမ်းဘရစ်တက္ကသိုလ်မွှု IGCSE နှင့် ဆွစ်ဇာလန်နိုင်ငံ IB World School မှ IB (International Baccalaureate) သင်ရိုးညွှန်းတမ်းများကိုသာ သင်ကြားပို့ချနေခြင်းဖြစ်ကြောင်း အဆိုပါကျောင်းက အသိပေးထားသည်။ 

M-04