News

POST TYPE

MANDALAY

မန္တလေးညဈေးတန်း ဖွင့်မည်
08-May-2017 tagged as မန္တလေး ညဈေး

မန္တလေး၊ မေ ၈

အောင်မြေသာစံမြို့နယ်တွင် တည်ဆောက်နေသော ညဈေးတန်း ယခုနှစ်အတွင်း ဖွင့်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်ထွန်းက ပြောကြားသည်။

“အဓိက ရည်ရွယ်ချက်က ဒေသခံပြည်သူတွေ ညအချိန်မှာ မိသားစုနဲ့ အပန်းဖြေစရာနေရာတစ်ခု ထပ်မံပေါ်ပေါက်ဖို့၊ အဆင့်မီ ညဈေးတစ်ခု ပေါ်ထွက်လာဖို့ပါ။ မန္တလေးမြို့မှာက ညဘက်ဆိုရင် အပန်းဖြေစရာ နေရာရှားတယ်။ ပြည်ပ ဧည့်သည်တွေ အတွက်လည်း ညဈေးတန်းက လည်ပတ်စရာ နေရာတစ်ခု၊ အပန်းဖြေစရာ နေရာတစ်ခု ဖြစ်လာမှာပါ။ မြို့ခံ ပြည်သူတွေ အပန်းဖြေနိုင်မယ့် နေရာတစ်ခု ဖြစ်လာဖို့ အဓိက ရည်ရွယ်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။

မန္တလေးမြို့တွင် လူထု အပန်းဖြေ နေရာတစ်ခုအဖြစ်နှင့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ အနေနှင့် ဒေသထွက်ကုန်များကို တစ်နေရာတည်းတွင် ဝယ်ယူ သုံးဆောင်နိုင်ရန် ရည်ရွယ်၍ ညဈေးတန်းတစ်ခု တည်ဆောက်ရန် ယမန်နှစ်ကတည်းက ကြိုးပမ်းခဲ့သော်လည်း မြေနေရာ အခက်အခဲနှင့် ဘဏ္ဍာရေး အခြေအနေများကြောင့် အကောင်အထည် ဖော်နိုင်ခဲ့ခြင်း မရှိဘဲ ယခုမှသာ အကောင်အထည် ဖော်နိုင်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

မန္တလေးမြို့တွင် မိသားစု အပန်းဖြေနိုင်မည့် ညဈေးတန်းတစ်ခု ထွက်ပေါ်လာမည်ကို ကြိုဆိုသော်လည်း မန္တလေးတောင်ခြေတွင် ဖြစ်နေသောကြောင့် မြို့ပေါ်ရပ်ကွက်များတွင် နေထိုင်သူများအတွက် အလှမ်း ဝေးနေကြောင်း၊ ယခင်တည်းကပင် ရှိခဲ့ပြီးဖြစ်သော ဈေးချိုညဈေးတန်းကိုသာ အဆင့်မီ ညဈေးတန်းအဖြစ် ပြောင်းလဲ ပြုပြင်သင့်ကြောင်း၊ ဈေးချို ညဈေးတန်းမှာလည်း မန္တလေးမြို့၏ အမှတ်အသား တစ်ခုပင်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သည့် ကုန်သည် ဦးကြည်ဝင်းက ပြောကြားသည်။

အဆိုပါ ညဈေးတန်းကို အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေ ရတနာပုံ ရေကူးကန်နေရာတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ဒေသထွက်ကုန်၊ စားသောက်ကုန်၊ အရောင်းဆိုင်များ၊ အဝတ်အထည်ဆိုင်များ၊ တိုင်းရင်းသားရိုးရာ ပစ္စည်း အရောင်းဆိုင်များ၊ လက်ဝတ်ရတနာ အရောင်းဆိုင်များနှင့် ရိုးရာယဉ်ကျေးမှု ပြခန်းများ ပါဝင်မည်ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

M-03