News

POST TYPE

MANDALAY

မန္တလေးတိုင်းအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ကျပ်သိန်းငါးရာကျော်ဖိုး ဆုံးရှုံး
08-May-2017 tagged as မန္တလေး


မန္တလေး၊ မေ ၇

မန္တလေးတိုင်းအတွင်း မေလ ပထမပတ်က လေပြင်း တိုက်ခတ်မှုများကြောင့် ကျပ်သိန်းငါးရာကျော်ဖိုး ဆုံးရှုံးပျက်စီးခဲ့ရကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“ခုတော့ လေပြင်းကြောင့် ထိခိုက်သွားတဲ့ မြို့နယ်တွေထဲက ပြည်သူတွေကို ပြန်လည် ထူထောင်ရေးတွေ လုပ်ပေးနေပါတယ်။ လေပြင်း မတိုက်ခင်က ကြိုတင် ကာကွယ်ရေးတွေ လုပ်လိုက်တဲ့ မြို့နယ်တွေမှာတော့ ထိခိုက်မှု နည်းတယ်။ အခု ထိခိုက်သွားတဲ့ မြို့နယ်တွေမှာလည်း ပညာပေးတွေ လုပ်ခဲ့တယ်။ ပြည်သူတွေကို အသိပညာ ပေးခဲ့ပေမယ့် လိုက်မလုပ်နိုင်တာတွေကြောင့် ထိခိုက်မှု များသွားတယ်လို့ ယူဆရပါတယ်”ဟု မန္တလေးတိုင်း ကယ်ဆယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေက ပြောကြားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး သစ်တော၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ လေပြင်းတိုက်ခတ်ပါက အန္တရာယ် ကြုံနိုင်သည့် မြို့နယ်များတွင် အသိပညာ ပေးခြင်းများ၊ နေအိမ်များကို ပြင်ဆင် ကာကွယ်ခြင်းများ ပြီးခဲ့သည့် မတ်လအတွင်းက လုပ်ဆောင်ခဲ့ခြင်းနှင့် ပတ်သက်၍ ၎င်းက ပြောဆိုခြင်း ဖြစ်သည်။ 

လေပြင်းဒဏ်ကြောင့် စဥ့်ကူးမြို့နယ်အတွင်း ထိခိုက်မှု အများဆုံးဖြစ်ခဲ့ပြီး လူနေအိမ် ၁၈၈ လုံး ပျက်စီး ဆုံးရှုံးခဲ့ကာ စာသင်ကျောင်း လေးကျောင်း၊ သာသနာရေး အဆောက်အအုံ နှစ်ခုနှင့် စေတီနှစ်ဆူလည်း ပျက်စီးခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး စာရင်းများအရ သိရသည်။

လေပြင်း တိုက်ခတ်မှုကြောင့် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၊ ပြင်ဦးလွင်မြို့နယ်အတွင်း ရပ်ကွက် ခုနစ်ခုနှင့် ကျေးရွာတစ်ရွာ၊ မတ္တရာမြို့နယ်အတွင်း ကျေးရွာနှစ်ရွာ၊ စဥ့်ကူးမြို့နယ်အတွင်း ရပ်ကွက် နှစ်ခုနှင့် ကျေးရွာ ၂၉ ရွာတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း မန္တလေးတိုင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနထံမှလည်း သိရသည်။

လေပြင်း တိုက်ခတ်မှုကြောင့် ပုသိမ်ကြီးမြို့နယ်မှ နေအိမ် နှစ်လုံး၊ ပြင်ဦးလွင်မြို့နယ်မှ လူနေအိမ် သုံးလုံး၊ စာသင်ကျောင်း သုံးကျောင်းနှင့် သာသနာရေး အဆောက်အအုံ တစ်ခု၊ မတ္တရာမြို့နယ်မှ လူနေအိမ်နှစ်လုံး၊ စာသင်ကျောင်း နှစ်ကျောင်း၊ စဥ့်ကူးမြို့နယ်မှ လူနေအိမ် ၁၈၈ လုံး၊ စာသင်ကျောင်း လေးကျောင်း၊ သာသနာရေး အဆောက်အအုံ နှစ်ခုနှင့် စေတီနှစ်ဆူတို့ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း မန္တလေးတိုင်း ကယ်ဆယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဆွေက ထပ်လောင်း ပြောကြားသည်။

လေပြင်းဒဏ်ကြောင့် အိမ်အမိုး လန်ခြင်းများ ဖြစ်ပြီး ပြိုကျခြင်းများလည်း ရှိခဲ့ကာ စဥ့်ကူးမြို့နယ် တစ်ခုတည်းတွင် ကျပ် ၂၅,၉၇၀,၂၀ဝ ဆုံးရှုံးခဲ့ကြောင်း၊ လေပြင်းဒဏ် ခံခဲ့ရသည့် မြို့နယ် အားလုံးအနေနှင့်မူ ဆုံးရှုံးမှု တန်ဖိုး ကျပ် ၅၁,၇၉၆,၅၇၀ ရှိခဲ့ကြောင်း မန္တလေးတိုင်း ကယ်ဆယ်ရေး ဦးစီးဌာနထံ တင်ပြသည့် စာရင်းများအရ သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် မတ္တရာမြို့နယ်တွင် အမျိုးသားတစ်ဦး သစ်ပင်ပိ၍ သေဆုံးခဲ့ပြီး ဓာတ်လိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်းလည်း ယင်းမြို့ဒေသခံများထံမှ သိရသည်။

ဧပြီလ ၂၉ ရက်နေ့ ညက တိုက်ခတ်ခဲ့သော လေပြင်းများကြောင့် ငါန်းဇွန်မြို့နယ်နှင့် မြစ်သားမြို့နယ်တို့မှ အိမ် ၂၉ လုံး ပျက်စီးခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့သေး သည်။

M-04