News

POST TYPE

MANDALAY

ကျေးရွာ ၄၀၀ နီးပါး လျှပ်စစ်မီးရမည်ဟု မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ပြော
(ပုံစာ - မန္တလေးတိုင်းအတွင်း လျှပ်စစ်ဓာတ်အား ရရှိနိုင်ရန် ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသူများကို တွေ့ရစဉ်)

မန္တလေး၊ မေ ၇

မန္တလေးတိုင်းအတွင်းရှိ ကျေးရွာ ၄၀၀ နီးပါး ဘဏ္ဍာနှစ်သုံးခုအတွင်း လျှပ်စစ်မီးရအောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအငဝ၀န်ကြီးဌာန မန္တလေးမြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ စီမံရေးရာ အထွေထွေမန်နေဂျာ ဦးစိုးမိုးထွန်းက ပြောကြား သည်။   

မန္တလေးတိုင်းအတွင်း၌ ဧပြီလနှင့် မေလဆန်းပိုင်းတို့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများနှင့် ပတ်သက်၍  မန္တလေးမြို့တော် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရုံး၌ မေလ ၇ ရက်နေ့က ရှင်းလင်းခဲ့ရာ၌ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဧပြီလနဲ့ မေလဆန်းပိုင်းမှာ မီးပြတ်မှုများတာက ဓာတ်အားလိုင်းတွေ ပြင်ဆင်နေတာကြောင့်ပါ။ ဒါ့ကြောင့် မီးအားပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ရတာပါ” ဟု မန္တလေးမြို့တော်အတွင်း မီးပြတ်မှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ၎င်းက ရှင်းပြသည်။

မန္တလေးတိုင်းတွင် ကျေးရွာ ၄၇၀၀ ကျော် ရှိရာ လက်ရှိတွင် ကျေးရွာ ၁၇၀၀ ကျော်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးထားနိုင်ပြီ ဖြစ်ကြောင်း၊ ကျန်ရှိနေသော ကျေးရွာများ လျှပ်စစ်မီးပေးနိုင်ရန် တင်ဒါခေါ်ယူသည့် လုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မန္တလေးတိုင်း အတွင်းရှိ ကျေးရွာ ၃၉၃ ရွာသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးစိုးမိုးထွန်းက ပြောဆိုသည်။

“ပြီးခဲ့တဲ့နှစ်တွေထက်စာရင် ဒီနှစ် မီးပိုမှန်လာပါတယ်။ သို့သော်လည်း မီးပြတ်မှုတွေကတော့ ရှိနေသေးတယ်။ သူတို့ အွန်လိုင်းစာမျက်နှာကနေ ဘယ်အချိန် မီးပြတ်မယ်ဆိုတာ ရေးတင်ထားတာတွေတော့ ရှိတယ်။ အွန်လိုင်းမသုံးတဲ့သူတွေ အတွက် အခက်အခဲ ဖြစ်ရတာပေါ့။ ရပ်ကွက်ထဲမှာ မီးဖြတ်ထားမယ့်အကြောင်း ကြော်ငြာပေးရင်တော့ အကောင်းဆုံးပဲ” ဟု ချမ်းအေးသာစံမြို့နယ် ကျန်းမာရေး ရပ်ကွက်နေ ဒေါ်နွယ်နွယ်က ပြောကြားသည်။

မန္တလေးတိုင်းအတွင်း လူဦးရေ ငါးသိန်းကျော် လျှပ်စစ်မီး သုံးစွဲနေပြီ ဖြစ်ရာ ဓာတ်အားလိုအပ်ချက် နှစ်စဉ် ၁၅ ရာခိုင် နှုန်း တိုးတက်လာကြောင်း၊ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်အတွင်းက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရေးအတွက် ကျပ် ၃၉ ဘီလီယံကျော် သုံးစွဲခဲ့ပြီး လက်ရှိဘဏ္ဍာနှစ်တွင် ကျပ် ၃၈ ဘီလီယံကျော် သုံးစွဲမည် ဖြစ်ကြောင်း မန္တလေးမြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းထံမှ သိရသည်။

M-05