News

POST TYPE

MANDALAY

သင်္ကြန်ကာလအတွင်း မန္တလေးဆေးရုံကြီးတွင် ဆေးရုံတက်သူ ၈၀၀ ကျော်ရှိ
17-Apr-2017

မန္တလေး၊ ဧပြီ ၁၇

သင်္ကြန်ပွဲတော်ကာလ လေးရက်တာအတွင်း ယာဉ်မတော်တဆမှု၊ ခိုက်ရန်ဖြစ်ပွားမှုနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လာရောက်ဆေးကုသမှု ခံယူရသူ ၈၀၀ ကျော် ရှိခဲ့ကြောင်း ယင်းဆေးရုံ ဆေးနှင့် လူမှုဆက်ဆံရေး ဌာနထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်၊ မြို့နယ်များနှင့် မန္တလေးတိုင်းနှင့် အနီးတစ်ဝိုက်မြို့များတွင် ထိခိုက်ဒဏ်ရာ ရရှိသူများက ဆေးရုံကြီးသို့ လာရောက်ဆေးကုသမှု ခံယူခဲ့ကြခြင်း ဖြစ်ပြီး စုစုပေါင်း ၈၁၃ ဦး ရှိခဲ့ခြင်း ဖြစ်သည်။

ယင်းလူနာများမှ အရေးပေါ်လူနာ လက်ခံဌာနတွင်သာ ဆေးကုသမှု ခံယူရသည့် ပြင်ပလူနာ ၄၈၃ ဦးနှင့် ဆေးရုံတက်ရောက်ကာ ဆေးကုသခံရသူ ၃၃၀ ဦး ရှိခဲ့ကြောင်း ဆေးလူမှုဆက်ဆံရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းလွင်က ပြောကြားသည်။

ယင်းအပြင် ထိခိုက်ဒဏ်ရာရရှိပြီး ဒဏ်ရာအပြင်းအထန် ရရှိကာ သေဆုံးသွား၍ ဆေးရုံကြီးသို့ လာရောက်ပို့ဆောင်ခဲ့သူ ၁၇ ဦး ရှိခဲ့ကာ အမျိုးသမီးတစ်ဦးလည်း ပါဝင်ခဲ့ကြောင်း၊ မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်း သေဆုံးသူ တစ်ဦးသာရှိခဲ့ပြီး ယင်းသေဆုံးမှုသည်လည်း ဂေါဝိန်ဆိပ်ကမ်းတွင် ရေဆင်းကူသူတစ်ဦး ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မန္တလေးဆေးရုံကြီး အနေဖြင့် သင်္ကြန်ကာလအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရာတွင် ယခင်နှစ်များထက် ဆရာဝန်၊ သူနာပြု၊ ဆေးနှင့် ဆေးပစ္စည်း ရောဂါစမ်းသပ်ရေး စက်များကို နှစ်ဆ ကြိုတင်ပြင်ဆင်ထားခဲ့ကြောင်း ဆေးနှင့် လူမှုဆက်ဆံရေး ဌာနထံမှ သိရသည်။