News

POST TYPE

MANDALAY

မန္တလေးတိုင်း NLD ပါတီ လစ်လပ်အလုပ်အမှုဆောင် ရွေးချယ်ရာတွင် ကန့်ကွက်မှုများရှိ
14-Aug-2016

မန္တလေး၊ သြဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ လစ်လပ်နေရာများအတွက် အလုပ်အမှုဆောင် အဆင့်ဆင့်ရွေးချယ်ရာတွင် မြို့နယ်အဆင့်နှင့် ရပ်ကျေးအဆင့် အချို့သောနေရာများ တွင် ကျေနပ်မှုမရှိသဖြင့် ကန့်ကွက်မှုများရှိနေကြောင်း အဆိုပါ ပါတီတာဝန်ရှိသူများထံမှ သိရသည်။

"သူတို့တိုင်တာက တချို့ကလည်း နားမလည်တာတွေပါတယ်။ စောစောစီးစီး မကန့်ကွက်ဘူး။ တချို့ကျတော့လည်း ကိုယ်မပါတော့မှ ထကန့်ကွက်တာတွေ ရှိတယ်။ သူတို့က ရွေးတဲ့အချိန်မှာ မူနဲ့စည်း ကမ်းနဲ့မညီညွတ်ရင် ကန့်ကွက်ရင် ရွေးတဲ့အဆင့်ထိ မရောက်ဘူး။ ကြားထဲမှာတင် ဒါကိုအရင်ဖြေရှင်းပြီးတော့ နောက်တစ်ဆင့် သွားမှာပေါ့။ ခုက ဒီလိုမဟုတ်ဘဲနဲ့ ရွေးတဲ့အချိန်မှာငြိမ်နေတယ်။ ကိုယ်မပါတော့မှ ထကန့်ကွက်တာတွေရှိတယ်။ အဲလိုတိုင်တာတွေရှိတယ်"ဟု မန္တလေးတိုင်းဒေသကြီး NLD ပါတီဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက်က ထုတ်ပြန်သော ညွန်ကြားချက်တွင် အလုပ်အမှုဆောင်အဆင့်ဆင့် ရွေးချယ်မှုများကို ဇွန်လ ၁၅ ရက်မှစတင်၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ဝင် ရွေးချယ်ခြင်းများ စတင်ပြုလုပ်၍ ခရိုင်၊ မြို့နယ်နှင့် ရပ်ကျေး အလုပ်အမှုဆောင် အဖွဲ့ဝင် ရွေးချယ်ခြင်းများကို သြဂုတ်လ ၁၄ ရက် နောက်ဆုံးထားလျှောက်ထားရမည်ဟု ပါရှိသည်။

ယင်းအပြင် ရွေးချယ်တင်မြှောက်ခြင်းနှင့်ပတ်သက်၍ မကျေနပ်ပါက ကန့်ကွက်ချက်များကို ရွေးချယ်တင်မြှောက်သည့်နေ့မှစ၍ ရက်သတ္တပတ်အတွင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့တင်ပြနိုင်သည် ဟု ပါရှိသည်။

NLD ပါတီ(ဗဟို) သို့ပေးပို့သည့် ကန့်ကွက်စာများတွင် မိတ္ထီလာမြို့နယ်တွင် မြို့နယ်အဆင့်၊ မန္တလေးခရိုင်အတွင်းရှိ ချမ်းအေးသာစံမြို့နယ်၊ အောင်မြေသာစံမြို့နယ်များတွင် ရပ်ကျေးအဆင့်ကန့်ကွက် ခြင်းများရှိကြောင်း မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ သိရသည်။ 

"သူတို့က ဗဟိုကိုတိုက်ရိုက်တင်တယ်။ ကျွန်တော်တို့ကို မိတ္တူပေးတယ်။ များသောအားဖြင့်တော့ လိုက်ကြီးကြပ်ပေးတဲ့အတွက် မှားတာနည်းပါတယ်။ မစခင်မှာမပြောဘူး။ မဲခွဲတဲ့အဆင့်ထိသွားတယ်။ ကိုယ်မပါတော့မှ ထကန့်ကွက်ကြတာပေါ့။ ဒါတွေကို ပြန်စိစစ်ပြီးတော့ အရေးယူသင့်၊ ပြန်ဆောင်ရွက်သင့်မသင့်ဆိုတာတွေ ရှိမှာပေါ့။ ဗဟိုကနေစိစစ်မှာပါ"ဟု ဦးတင်ထွဋ်ဦးက ပြောဆိုသည်။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လစ်လပ်အမှုဆောင်နေရာများ ရွေးချယ်ရာတွင် တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်ရွေး ချယ်မှုများ ပြီးစီးသွားပြီဖြစ်ကြောင်းနှင့် မြို့နယ်အချို့နှင့် ရပ်ကျေးအဆင့် ရွေးချယ်မှုများ ကျန်ရှိနေသေးကြောင်း မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ သိရသည်။