POST TYPE

MANDALAY

ကျောက်တိုက်စက်မှ မီးပွား လွင့်၍ မီးလောင်
10-Apr-2017


မန္တလေး၊ဧပြီ ၁၀

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်ရှိ ခြံဝန်းတစ်ခုအတွင်း ယနေ့ (ဧပြီလ ၁၀ ရက်) နံနက် ၁၁ နာရီက သံချောင်းများကို ကျောက်တိုက်စက်ဖြင့် ပွတ်တိုက်ရာမှ မီးပွားများ လွင့်စင်ကာ မီးလောင်ခဲ့ကြောင်း မန္တလေးခရိုင် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

မဟာအောင်မြေမြို့နယ် ၅၄ လမ်း၊ လမ်း ၄၀ နှင့် ၄၁ လမ်းကြားရှိ ခြံဝန်းတစ်ခုအတွင်း၌ အဆောက်အအုံတစ်ခု ဆောက်လုပ်ရာတွင် သံချောင်းများကို ကျောက်တိုက်စက်ဖြင့် ပွတ်တိုက်ခဲ့ရာမှ မီးပွားများအနီးရှိ ဖော့ပုံးအတွင်း ကျရောက်ကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မန္တလေးခရိုင် မီးသတ် ဦးစီးဌာနမှူး ဦးသန်းနိုင်က ပြောကြားသည်။

နံနက် ၁၁ နာရီ ၅ မိနစ်က မီးစတင် လောင်ကျွမ်းခဲ့ပြီး ၁၁ နာရီ ၁၀ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကာ ၁၅ မိနစ်ခန့်တွင် လုံးဝ ငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဆုံးရှုံးမှု အခြေအနေများကို တွက်ချက်ဆဲဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ မီးလောင်မှုနဲ့ပက်သက်ပြီး အိမ်ရှင်နှင့် အဆောက်အအုံ ဆောက်လုပ်သူများနှင့် ညှိနှိုင်းနေပြီး မည်သူ့ကို အရေးယူမည်ဆိုသည်ကို မသိရှိသေးကြောင်း မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

M-04

  • VIA