News

POST TYPE

MANDALAY

မြင်းခြံမြို့တွင် ဆိုင်ခန်းခွန် တိုးမြှင့်ကောက်ခံမှုကြောင့် ဈေးသူဈေးသား ငါးရာကျော် ဆန္ဒထုတ်ဖော်
08-Apr-2017


မန္တလေး၊ ဧပြီ ၈ 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ မြို့နယ် စည်ပင်သာယာရေး ကော်မတီက ဆိုင်ခန်းခွန် ငါးဆတိုးမြှင့်ကောက်ခံမှုကြောင့် ဈေးသူဈေးသား ငါးရာကျော်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒပြပွဲ ပြုလုပ်သော ဈေးသူဈေးသားများထံမှ သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို မြင်းခြံမြို့အတွင်းရှိ မြင်းခြံမြို့မဈး၊ စံပြဈေး၊ အေးမြသီတာဈေးများမှ ဈေးသူဈေးသားများက ဆိုင်ခန်းခွန် တိုးမြှင့်ကောင်ခံမှု လျော့ချပေးရေးနှင့် သန့်စင်ခန်းခ ကောက်ခငွေ ၁၀၀ ကျပ်မှ ၅၀ ကျပ် လျော့ချရေး၊ အခွန်တိုးကောက်မှု လွှတ်တော်ကိုယ်စားလှယ်များက ဖြေရှင်းပေးရေး၊ ပြည်သူ့ဆန္ဒ လစ်လျူမရှုစေရေး၊ ဈေးသူဈေးသားအကျိုး ပျက်ရာပျက်စီးကြောင်း လက်မခံကြောင်း စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ယခုလို ၅ ဆ တိုးမြှင့်ကောက်ခံတဲ့အတွက် ဈေးသူဈေးသားတွေအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်စေတယ်”ဟု ယင်းဆန္ဒပြပွဲ ဦးဆောင်သူများအနက် တစ်ဦးဖြစ်သူ ဦးမင်းသန့်က ပြောကြားသည်။

လက်ရှိကောက်ခံမှုသည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်များအရ ခေတ်ကာလနှင့်အညီ လျော်ညီစွာ ကောင်ခံရခြင်းဖြစ်ကြောင်း မြင်းခြံမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာဝင့်သူက ပြောကြားသည်။

“သူတို့က အဆနဲ့ ပြောလို့သာ များတာပါ ကျွန်တော်တို့ ကောက်တဲ့ နှုန်းက မများပါဘူး၊ ဆန္ဒပြတာကတော့ ဒီမိုကရေစီအရ သူတို့ဆန္ဒသာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

မြင်းခြံမြို့နယ်စည်ပင်သာယာရေးကော်မတီ စည်းကြပ်ကောက်ခံရာတွင် မြင်းခြံမြို့မဈေး၊ အေးမြသီတာဈေး၊ စံပြဈေး၊ ဆီမီးခုံ(ကျေးလက်)ဈေးတို့ ပါဝင်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

M-01


  • VIA