News

POST TYPE

MANDALAY

ရေတိုက်စား၍ ပျက်စီးသွားသည့် အင်းဝမြို့ဟောင်း ပထမမြို့ရိုးကို ပြင်မည်
12-Aug-2016 tagged as အင်းဝ

မန္တလေး၊ သြဂုတ် ၁၂

တံတားဦးမြို့နယ်၊ အင်းဝမြို့ဟောင်းရှိ ရေတိုက်စား၍ ပျက်စီးသွားသည့် ပထမမြို့ရိုးကို ပြင်ဆင်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မန္တလေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ပြောကြားသည်။
“ရေတက်တဲ့အချိန် သဲအိတ်တွေ ဘာတွေနဲ့ ကာတာ မနိုင်ဘဲ ပွင့်ကျကုန်ပြီး အုတ်တွေ ကျိုးပဲ့ကျကုန်တယ်။ ဒါကို ပြန်လည်ပြင်ဆင်ဖို့အတွက် လိုအပ်တာတွေ တွက်ချက်နေတယ်။ မပြင်ဘူးဆိုရင် နောက်တစ်ခါ ရေတက်ရင် အင်းဝထဲကို ရေတွေ ဒလဟောဝင်ဖို့ ရှိတယ်” ဟု ၎င်းက ဆိုသည်။ 

အင်းဝမြို့ဟောင်းရှိ စန္ဒာပူရီ ရေတံခါးနှင့် ကျိုင်းရုံးမြို့တံခါးကြားရှိ မြို့ရိုးတွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး မူလမြို့ရိုးများ အနည်းငယ် ပါသွားခြင်းဖြစ်ကြောင်း၊ မူလအကျယ် ၁၀ မှ ပေ ၂၀ အထိ တိုက်စားသွားပြီး အနက်မှာလည်း မူလ ၇ ပေခန့်မှ ၁၂ ပေခန့်အထိ ဖြစ်ပေါ်ခဲ့ကြောင်း အဆိုပါ ဌာနခွဲမှ သိရှိရသည်။

ရေဝင်ရောက်မှုကြောင့် အင်းဝရှိ ရှေးဟောင်းပြတိုက်ကိုလည်း ခေတ္တပိတ်ခဲ့ရသော်လည်း အခြားရှေးဟောင်း အမွေအနှစ်ပစ္စည်းများ တစ်စုံတစ်ရာ ပျက်စီးခဲ့ခြင်း မရှိကြောင်း ဦးညိုမြင့်ထွန်းက ထပ်မံပြောဆိုသည်။

ဇူလိုင်လ စတုတ္ထပတ်အတွင်းက ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုကြောင့် တံတားဦးမြို့နယ်အတွင်း အင်းဝရှေးဟောင်းယဉ်ကျေးမှု နယ်မြေ အပါအဝင် ကျေးရွာပေါင်း ၂၄ ရွာသို့ ရေဝင်ရောက်ခဲ့ပြီး လူဦးရေ ၁၃၀၀ ကျော် ရွှေ့ပြောင်းနေထိုင်ခဲ့ရကြောင်း တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။