News

POST TYPE

MANDALAY

တောင်ပြုန်းပွဲတော်ရှိ ကာလသားရောဂါ ပညာပေးပြခန်းဖွင့် တစ်ရက်လျှင် လူ ၇၀၀ ကျော် ဝင်လေ့လာ
12-Aug-2016

မန္တလေး၊ သြဂုတ် ၁၂

တောင်ပြုန်းပွဲတော်တွင် HIV/AIDS ဖြစ်ပွားမှုနှုန်း လျော့ကျစေရန် ကာလသားရောဂါ ပညာပေးပြခန်း ဖွင့်လှစ်ထားရာ တစ်ရက်လျှင် ၇၀၀ ဦးကျော် ဝင်ရောက်လေ့လာကြောင်း ပြခန်းစီစဉ်သည့် မန္တလေးတိုင်းဒေသကြီး ခုခံအားကျ ကာလသားရောဂါ တိုက်ဖျက်ရေးဌာနမှ တာဝန်ခံ ဆရာဝန်ကြီး ဒေါက်တာသန်းဝင်းက ပြောကြားသည်။

တောင်ပြုန်းပွဲတော်သို့ လိင်တူချစ်သူများ အများအပြား လာရောက်လေ့ရှိသည့် အပြင် မိမိကျန်းမာရေးနှင့် ပတ်သက်၍ ကာလသားရောဂါ ရှိမရှိ သိလိုသူများ၊ ဆေးစစ်မှု ခံယူလိုသူများ တိုက်ရိုက်ထိတွေ့ခွင့် ပေးနိုင်ရန် ပြခန်းပေါင်း ၁၅ ခန်းအထိ ယခုနှစ်တွင် တိုးမြှင့်ပေးထားကြောင်း ၎င်းက ဆိုသည်။
“ပြခန်းကို လူသိများအောင် ပွဲလယ်ကောင်မှာ နေရာသစ် ဖွင့်ထားတော့ လူငယ်အများအပြားက စိတ်ဝင်စားကြတယ်” ဟု ဒေါက်တာသန်းဝင်းက ပြောဆိုသည်။ 

ကာလသားရောဂါနှင့် ပတ်သက်၍ ဆွေးနွေးခန်း၊ ဆေးစစ်ခန်းနှင့် ပညာပေး အစီအစဉ်များ၊ ART ဆေးဝါး အခမဲ့ ရရှိနိုင်သည့် မြန်မာပြည်အထက်ပိုင်း ဆေးရုံ၊ ဆေးခန်းများပါ အဆိုပါပြခန်းတွင် ထည့်သွင်းပေးထားကြောင်း ယင်းပြခန်း စီစဉ်သူများထံမှ သိရှိရသည်။ 

“ကိုယ်မသိသေးတာတွေ သိရအောင်နဲ့ ကျန်းမာရေးအရ ဘယ်လိုဆင်ခြင်နေထိုင်ရမယ် ဆိုတာ သိရအောင် မေခွန်းတွေကို ဖြေကြည့်တာပါ” ဟု ကျောက်ဆည်မြို့မှ လာရောက်သည့် အသက် ၂၂ နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦးက ဆိုသည်။

အဆိုပါပြခန်းကို သြဂုတ်လ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ နေ့စဉ် ဖွင့်လှစ်ပြသပေးသွားမည် ဖြစ်ပြီး မည်သူမဆို လွတ်လပ်စွာ လာရောက်ဆွေးနွေး လေ့လာနိုင်ကြောင်း ဒေါက်တာသန်းဝင်းက ပြောကြားသည်။