News

POST TYPE

MANDALAY

ငြိမ်းချမ်းရေး ရရှိစေရန် လူထုခေါင်းဆောင်နောက်သို့ ညီညီညွတ်ညွတ် လိုက်ပါကြရန် ကံတက်ကုန်း ဆရာတော် တိုက်တွန်း
08-Aug-2016

မန္တလေး၊ သြဂုတ် ၈

မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ လိုချင်သည့် ငြိမ်းချမ်းရေးပန်းတိုင်ကို မရောက်သေးသော်လည်း  ငြိမ်းချမ်းရေး ရရှိစေရန် ဆောင်ရွက်နေသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုနောက်သို့ ညီညီညွတ်ညွတ် လိုက်ပါကြရန် တိုက်တွန်းကြောင်း မန္တလေးမြို့ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက် ဆရာတော် အရှင်တေဇောဘာသက  မိန့်ကြားသည်။

မန္တလေးမြို့တော်တွင် သြဂုတ်လ ၈ ရက်နေ့က ပြုလုပ်သော ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ ၂၈ နှစ် ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားတွင် ဆရာတော်က အထက်ပါအတိုင်း ထည့်သွင်းမိန့်ကြားသည်။

“တိုင်းပြည်တိုးတက်စေချင်တဲ့  စိတ်ဆန္ဒတွေ လူတိုင်းရဲ့ နှလုံးသားမှာ ကိန်းအောင်းပြီး ညီညွတ်ကြဖို့ လိုပါတယ်။ ခေါင်းဆောင်ကောင်း ပေါ်နေတုန်း ခေါင်းဆောင်ကောင်းရဲ့ လုပ်ငန်း အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်” ဟု ဆရာတော်က ဆက်လက်မိန့်ဆိုသည်။

၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှ စတင်သော ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံသည် ယနေ့အချိန်တွင် ၂၈  နှစ် ပြည့်သော်လည်း အရေးတော်ပုံကြီးက တစ်ခဲနက် တောင်းဆိုခဲ့သည့် မြန်မာပြည်သူ လူထုကြီး၏ ဆန္ဒများကား မပြည့်ဝသေးသောကြောင့် သတိပြုကြရမည်ဖြစ်ပြီး ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးက ပေါ်ထွက်လာသည့် မြန်မာပြည်သူ လူထုကြီး၏ ဆန္ဒများကို မမှိတ်မသုန် ရှေးရှု၍ မြန်မာပြည်သူလူထုကြီး လိုလားမျှော်လင့်သော နိုင်ငံတော်ကြီး တည်ဆောက် အကောင်အထည်ဖော်နိုင်ရန် မြန်မာပြည်သူလူထုကြီး၏ ရှစ်လေးလုံး စိတ်ဓာတ်ကို  အတုယူ၊ စနစ်ကျသော နည်းဗျူဟာ မှန်ကန်အားကောင်းအောင် ဆောင်ရွက်၍ အလုံးစုံ ညီညွတ်ရေးကို မဖြစ်မနေ တည်ဆောက်ကြရမည်ဟု ယုံကြည်ကြောင်း အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းက ရှစ်လေးလုံး နှစ်ပတ်လည်သို့ ပေးပို့သော သဝဏ်လွှာ၌  ဖော်ပြပါရှိသည်။

မန္တလေးမြို့တော်တွင် ကျင်းပသော ရှစ်လေးလုံး နှစ်ပတ်လည် အထိမ်းအမှတ်ပွဲသို့ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ ကွန်ရက် (အထက်ဗမာပြည်)၊ ဗကသအဖွဲ့ချုပ်၊ မန္တလေးခရိုင် ကျောင်းသားသမဂ္ဂ၊ မန္တလေး ဆေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ ရမည်းသင်းခရိုင် ကျောင်းသားသမဂ္ဂ၊ မြန်မာနိုင်ငံ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်သမဂ္ဂများအဖွဲ့ချုပ် စသည့် မန္တလေးမြို့တော် အခြေစိုက် နိုင်ငံရေး အင်အားစုတို့မှ သဝဏ်လွှာများ အသီးသီး ပေးပို့ခဲ့ကြသည်။

  • VIA