POST TYPE

MANDALAY

ရွှေ၊ သတ္တု လုပ်ကွက် အသစ်နှင့် သက်တမ်းတိုးရေး မန္တလေးတိုင်း အစိုးရ မထောက်ခံသေး
05-Aug-2016

မန္တလေး၊ သြဂုတ် ၅

မန္တလေးတိုင်းဒေသကြီးတွင် ရွှေ၊ သတ္တု လုပ်ကွက် သက်တမ်းတိုးခြင်း၊ အသစ်လျှောက်ထားခြင်းတို့ကို တိုင်းဒေသကြီး အစိုးရအနေနှင့် ထောက်ခံပေးခြင်း မရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောကြားသည်။

သဘာဝ သယံဇာတ ထုတ်ယူသုံးစွဲမှုနှင့် ပတ်သက်၍ နိုင်ငံတော်က မူဝါဒ မချမှတ်သေးသဖြင့် တိုင်းအစိုးရ အနေနှင့် ရွှေ၊ သတ္တု လုပ်ကွက်များနှင့် ပတ်သက်၍ သဘောထား မှတ်ချက် မပေးခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

မန္တလေးတိုင်းဒေသကြီးအတွင်း ရွှေတူးဖော်ရန်အတွက် သက်တမ်းတိုးခြင်း၊ အသစ်လျှောက်ထားခြင်း၊ စမ်းသပ်လုပ်ကွက် လျှောက်ထားခြင်းများ ရှိကြောင်း ဦးမျိုးသစ်က ပြောဆိုသည်။

သြဂုတ်လအတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ သဘာဝ သယံဇာတ ထုတ်ယူသုံးစွဲမှုနှင့် ပတ်သက်၍ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

တရားမဝင် တူးဖော်နေသည့် လုပ်ကွက်များနှင့် တရားဝင် တူးဖော်သော်လည်း ဥပဒေ လိုက်နာမှုများကို သိရှိနိုင်ရန် ဇူလိုင်လတွင် စစ်ဆေးရေအဖွဲ့ ဖွဲ့ကာ စစ်ဆေးနေကြောင်း၊ ယင်းအဖွဲ့ကို အမှတ် (၂) သတ္တုတွင်း လုပ်ငန်းက ဦးဆောင်ပြီး သက်ဆိုင်ရာ ဌာနများအပြင် လွှတ်တော်ကိုယ်စားလှယ်များလည်း ပါဝင်ကြောင်း ဦးမျိုးသစ်က ပြောဆိုသည်။

ရွှေလုပ်ကွက်များတွင် တရားဝင် တူးဖော်ခြင်း ဟုတ် မဟုတ် ဒေသခံများ မသိနိုင်သဖြင့် လုပ်ကွက်ဆိုင်ရာ အချက်အလက်များ အများပြည်သူ သိရှိရန် ဖော်ပြထားသင့်ကြောင်း သပိတ်ကျင်း မြို့နယ်ရှိ ဒေသခံများထံမှ သိရှိရသည်။ 

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်တွင် တရားဝင် ရွှေတူးဖော်နေသည့် ကုမ္ပဏီပေါင်း ၈၂ ခု ရှိရာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်း သက်တမ်း ကုန်ဆုံးမည့် လုပ်ကွက် ၂၀ ၀န်းကျင်ရှိကြောင်း အဆိုပါမြို့နယ် အမှတ် ၂ သတ္တုတွင်းလုပ်ငန်း တာဝန်ခံ အင်ဂျင်နီယာရုံးထံမှ သိရှိရသည်။ 

ရွှေလုပ်ကွက်များတွင် ပိုင်ရှင်အမည်၊ လုပ်ကွက်ခွင့်ပြုဧက၊ ခွင့်ပြုသည့်နေ့နှင့် သက်တမ်းကုန်မည့် ရက်စွဲ စသည့် အချက်အလက်များ ပါဝင်သော ဆိုင်းဘုတ်ကို လုပ်ကွက်တွင် အများပြည်သူ မြင်သာစေရန် ထားရှိရေး ညွှန်ကြားထားသော်လည်း ကုမ္ပဏီအချို့က မလိုနာကြောင်း သပိတ်ကျင်း မြို့နယ်မှ ဒေသခံများက ပြောကြားသည်။

  • VIA