News

POST TYPE

MANDALAY

မန္တလေး စက်မှုဇုန်ရှိ စက်မှုလုပ်ငန်းအချို့ ရပ်ဆိုင်း
05-Jan-2017 tagged as

မန္တလေး၊ ဇန်န၀ါရီ ၅

ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် ဈေးနှုန်းများကို မယှဉ်နိုင်သောကြောင့် မန္တလေးစက်မှုဇုန် အတွင်းရှိ အလုပ်ရုံ၊ စက်ရုံအချို့ လုပ်ငန်း ရပ်ဆိုင်းသွားပြီးဖြစ်ကြောင်း မန္တလေး စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောကြားသည်။

“စက်ရုံတွေက ဒဏ်မခံနိုင်တော့ဘူး။ အဓိကတော့ အသေးစား အလတ်စား စက်ရုံတွေအနေနဲ့ ပြည်ပက တင်သွင်း လာတဲ့ ပစ္စည်းနဲ့ ဈေးကွက် မယှဉ်နိုင်တော့လို့ ရပ်ကုန်တာများတယ်”ဟု ၎င်းက ပြောဆိုသည်။

မန္တလေး စက်မှုဇုန်အတွင်းရှိ စက်မှုလုပ်ငန်းများအနက် ၅၀ ရာခိုင်နှုန်းသော လုပ်ငန်းရှင်များ အနေနှင့်လည်း ကုန်ထုတ်လုပ်မှု လျှော့ချထားရကြောင်း စက်မှုလုပ်ငန်းရှင် တစ်ဦးလည်းဖြစ်သူ ၎င်းက ရှင်းပြသည်။

မန္တလေး စက်မှုဇုန်ကို  ၁၉၉၀ ပြည့်နှစ်က စတင် အကောင်အထည် ဖော်ခဲ့ရာ ၂၀၁၃ ခုနှစ်တွင် အသေးစား၊ အလတ်စားနှင့် အကြီးစား စက်မှုလုပ်ငန်း စုစုပေါင်း ၁၃၆၈ ခုရှိခဲ့ရာမှ လက်ရှိတွင် ၁၂၇၀ ကျော်သာ ရှိတော့ကြောင်း မန္တလေးစက်မှု ဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီထံမှ သိရသည်။

မန္တလေး စက်မှုဇုန်မှ အသေးစားနှင့် အလတ်စား စက်ရုံများ လုပ်ငန်း လည်ပတ်နိုင်ရေးအတွက် လုပ်ငန်းရှင်များ ချေးငွေ ထုတ်ယူနိုင်ရန် အစိုးရအဖွဲ့က ကူညီပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဒီဇင်ဘာလ ၂၈ ရက်နေ့က စက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။ 

M-06

  • TAGS