News

POST TYPE

MANDALAY

ရတနာစင်တာတွင် ကျောက်မျက် အတု၊ အစစ် စစ်နိုင်မည်

မန္တလေး၊ ဇန်န၀ါရီ ၃

မန္တလေးမြို့တော်ရှိ ရတနာပုံ ဆူပါစင်တာ ဒုတိယထပ်တွင် ဖွင့်လှစ်မည့် Mandalay Yatanar Mall တွင် ကျောက်မျက် ရတနာ အတု၊ အစစ် ခွဲခြား စစ်ဆေးနိုင်မည့်အပြင် ကျောက်မျက် ရတနာများကို ထိန်းသိမ်း ထားနိုင်မည့် အာမခံ သေတ္တာ (Locker) များလည်း ပါဝင်မည်ဖြစ်ကြောင်း Relax Business Goup မှ ဒါရိုက်တာ ဦးဇော်မင်းက ပြောကြားသည်။

“ဆိုင်ခန်းပိုင်ရှင်တွေ အနေနဲ့ ဆိုင်သိမ်းပြီးချိန်မှာ ရွှေ၊ ငွေ ရတနာတွေကို လုံခြုံစိတ်ချစွာ အပ်နှံထားနိုင်မယ့် Locker တွေ ပေးထားတယ်။ အကယ်၍များ တစ်စုံတစ်ရာကြောင့် အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ရင်လည်း ဘဏ်စည်းမျဉ်း စည်းကမ်းအတိုင်း ဆောင်ရွက်ပေးမှာပါ။  ကျွန်တော်တို့ Mall မှာ ကျောက်မျက် ရတနာပစ္စည်း ရောင်းမယ်ဆိုရင်လည်း အတု၊ အစစ် စမ်းသပ် စစ်ဆေးပြီး အတည်ပြုလက်မှတ် (Certificate) ထုတ်ပေးမယ်”ဟု ၎င်းက ပြောဆိုသည်။

Mandalay Yatanar Mall တွင် ဆိုင်ခန်းဝယ်ယူပါက တစ်သက်တာ ပိုင်ဆိုင်မှု ရရှိမည်ဖြစ်ပြီး ကုမ္ပဏီထံမှ ဝယ်ယူသည့်စာချုပ်အပြင် မန္တလေးမြို့တော် စည်ပင်ထံမှ ဆိုင်ခန်းပိုင်ဆိုင်ကြောင်း ထောက်ခံချက်လည်း ရမည်ဖြစ်ကြောင်း၊ ဆိုင်ခန်း တစ်ခန်းလျှင် ကျပ်သိန်း ၂၀၀ နှင့် အထက်ဖြင့် ရောင်းချပေးနေကြောင်း Relax Business Goup ထံမှ သိရသည်။

“Mandalay Yatanar Mall က နိုင်ငံတကာ ဈေးကွက်နဲ့အညီ အဆင့်အတန်းမြင့်မြင့် ဖွင့်ထားတာ။ ကျောက်မျက်ဝယ်တဲ့သူတွေလည်း စိတ်ချလုံခြုံစွာနဲ့ ဝယ်ယူနိုင်တဲ့နေရာ တစ်ခုလို့ ယုံကြည်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေနဲ့ ရင်းနှီးအောင်တော့ အချိန် ယူရပါဦးမယ်”ဟု အဆိုပါစင်တာ၌ စိန်ထည်၊ ရွှေ နှင့် ရွှေဖြူ (ပလက်တီနမ်) များ ရောင်းချမည့် မိုးမခ စိန်၊ ရွှေရတနာဆိုင်ရှင် ဦးမြတ်မင်းခက ပြောကြားသည်။

အဖိုးတန် ကျောက်မျက် လက်ဝတ် ရတနာများကို One Stop Service ဖြင့် ရောင်းချပေးသွားမည့် Mandalay Yatanar Mall ကို  ဇန်နဝါရီလ ၇ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး အဆိုပါ Mall တွင် လုံခြုံရေး Security စနစ်၊ Money Exchange စနစ်၊ Gold Stock Share Market စနစ်၊ Locker စနစ်၊ Certificate စနစ်နှင့် မီးအာမခံ ဝန်ဆောင်မှုစနစ်၊ ဆူပါမားကက်များနှင့် စားသောက်ဆိုင်များ ပါရှိမည်ဖြစ်ရာ ဆိုင်ခန်း (၃၈၆) ခန်းအနက် (၃၅၀) ကျော် ရောင်းချထားပြီး ဖြစ်ကြောင်းလည်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ 

M-06