News

POST TYPE

MANDALAY

ပုဂံတွင် ချုံများရှင်းမည်

မန္တလေး၊ ဒီဇင်ဘာ ၂၄

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ရှိနေသော ဘုရားများနှင့် လမ်းများကို ဖုံးအုပ်နေသည့် ချုံနွယ်များကို ရှင်းလင်းမည်ဖြစ်ကြောင်း ပုဂံဒေသ ဖွံ့ဖြိုးတိုးတက်ရေး အသင်းထံမှ သိရသည်။

ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီမံချက်များ ရေးဆွဲ၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြထားကြောင်း၊ ရှင်းလင်းရေး လုပ်ငန်းများအတွက် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေမှ ဘတ်ဂျက် တောင်းခံထားကြောင်း ပုဂံဒေသ ဖွံ့ဖြိုးတိုး တက်ရေး အသင်းဥက္ကဋ္ဌ ဦးခင်မောင်နုက ပြောကြားသည်။

“ပုဂံဒေသဆိုတာက ခရီးသွားလာရေး လွယ်ကူတဲ့နေရာဆိုတော့ ပြည်တွင်း ခရီးသွားတွေလည်း များတယ်။ နိုင်ငံတကာ ခရီးသွားတွေလည်း များလာပြီ။ လမ်းတွေ ဖောက်ပေးခြင်းအားဖြင့် ဘုရားအစုံ သွားလို့ရပြီ။ တစ်နေရာတည်းမှာ ထပ်မနေတော့ ဘူးပေါ့။ ကွယ်နေတဲ့ ကန္တာရပင်တွေကို ရှင်းလိုက်မယ်ဆိုရင် မြင်ကွင်းတွေကို ရှင်းရှင်းလင်းလင်း မြင်ရမှာပေါ့”ဟု ၎င်းက ရှင်းပြသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ဇုန်ဝင်ကြေး ကောက်ခံမူများနှင့် ပတ်သက်၍ ယဉ်ကျေးမှုဝန်ကြီးဌာနက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်သို့ ၂၀၁၆ ခုနှစ် မတ်လ ၁ ရက်နေ့က လွှဲပြောင်းပေးခဲ့ရာ ကောက်ခံရရှိငွေအနက် ၉၀ ရာခိုင်နှုန်းကို နိုင်ငံတော် အစိုးရသို့ ပေးသွင်းရကြောင်း၊ ကျန် ၁၀ ရာခိုင်နှုန်းထဲမှ ခြောက်ရာခိုင်နှုန်းကို ခရီးသွားလာမှု ဖွံ့ဖြိုးရေးအတွက် အသုံးပြုရမည်ဖြစ်ပြီး လေးရာခိုင်နှုန်းကို ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုရကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

“ဒေသဖွံ့ဖြိုးရေး ငွေတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော် တစ်ဦးတည်း ဆုံးဖြတ်လို့ မရပါဘူး။ ခရိုင်အဆင့်၊ မြို့နယ်အဆင့် တာဝန်ရှိသူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးရဦးမယ်။ အမြန်ဆုံး ဖြစ်အောင်တော့ လုပ်ပေးမယ်”ဟု ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောကြားသည်။

ပွင့်လင်းရာသီ ရောက်ရှိလာပြီး ခရီးသွား ဝင်ရောက်မှု မြင့်တက်နေသောကြောင့် လာရောက် လည်ပတ်သည့် ပြည်တွင်း ပြည်ပ ဘုရားဖူးများ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း သွားလာမှု အဆင်ပြေစေရန်နှင့် အချိန်ကုန် သက်သာပြီး ဘုရား အများစု ဖူးမြော်နိုင်စေရန် ရည်ရွယ်၍ ပုဂံဒေသ ဖွံ့ဖြိုးတိုးတက်ရေး အသင်းက ချုံနွယ်များကို ရှင်းလင်းရန် စီစဉ်နေခြင်း ဖြစ်သည်။

M-05