POST TYPE

MANDALAY

မန္တလေးတွင် ရေဘေးကြောင့် ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုပေါင်း ၇ဝဝဝ နီးပါးရှိ
02-Aug-2016 tagged as

မန္တလေး၊ သြဂုတ် ၂

မန္တလေးခရိုင်ရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ ဇူလိုင်လကုန်ပိုင်းမှ စတင်၍ မိုးရေနှင့် မြစ်ရေများ ဝင်ရောက်မှုကြောင့် ရေလွတ်ရာသို့ ပြောင်းရွှေ့ နေထိုင်ရသည့် မိသားစုပေါင်း ၇ဝဝဝ နီးပါး ရှိပြီဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

မန္တလေးခရိုင် အပါအဝင် ပတ်ဝန်းကျင် မြို့နယ်များတွင် ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်ကာ မိုး ဆက်တိုက် ရွာသွန်းခြင်းကြောင့် မြစ်ရေများ မြင့်တက်လာခဲ့ပြီး လူနေရပ်ကွက်နှင့် ကျေးရွာများ အတွင်းသို့ ရေများ ဝင်ရောက် လာခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

ယင်းသို့ ရေများဝင်ရောက်မှု ကြောင့် မိမိတို့ နေထိုင်ရာ အိမ်များကို စွန့်ခွာ၍ ရေလွတ်ရာ ဘုန်းကြီးကျောင်းများနှင့် ဆွေမျိုးနီးစပ် နေအိမ်များသို့ ပြောင်းရွှေ့ နေထိုင်ကြရကြောင်း အဆိုပါ ရေဘေးရှောင်သူများက ပြောကြားသည်။

''ကျွန်တော်တို့ကတော့ ဒီဘုန်းကြီးကျောင်းထဲကို ပြောင်းခဲ့တာပေါ့။ နေရေး ထိုင်ရေးကတော့ ဖြစ်သလိုပါပဲ။ စားဖို့ သောက်ဖို့ကတော့ လာလှူတဲ့ သူတွေ ရှိပါတယ်။ ပရဟိတ အဖွဲ့တွေရော နိုင်ငံရေး ပါတီတွေရော ရှိပါတယ်''ဟု ပြည်ကြီးတံခွန်မြို့နယ်ရှိ ဘုန်းကြီးကျောင်း တစ်ခုအတွင်း ပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် အသက် ၅ဝ ခန့် အမျိုးသား တစ်ဦးက ဆိုသည်။

ယင်းသို့ ပြောင်းရွှေ့ နေထိုင်နေကြသည့် အိမ်ထောင်စုပေါင်းသည် ဇူလိုင် လ ၂၉ ရက်နေ့မှ သြဂုတ်လ ၁ ရက်နေ့ အထိ ၆၇၈၂ စုအထိ ရှိလာပြီဖြစ်ကာ အိမ်ခြေအနေနှင့် ၆၂၈၉ လုံး၊ လူပေါင်း ၂၇၆၄၄ ဦး အထိရှိပြီး ကျွဲ၊ နွားတိရစ္ဆာန် တစ်သောင်းခန့် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။


  • VIA
  • TAGS