News

POST TYPE

MANDALAY

ပုဂံကို ကယ်တင်ခြင်း ကမ်ပိန်းလက်မှတ်များ သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ တင်ပြမည်
02-Aug-2016

မန္တလေး၊ သြဂုတ် ၂

ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသကို ကယ်တင်ရန် ပြုလုပ်ခဲ့သည့်  Save The Bagan အစီအစဉ်အရ ကောက်ခံခဲ့သည့် လက်မှတ်များကို လာမည့်နှစ်ပတ်အတွင်း နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ ပေးပို့သွားမည် ဖြစ်ကြောင်း အဖိုးတန် မျိုးဆက်တို့၏ ပုဂံအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းအစီအစဉ်အရ လက်မှတ်ကို ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့မှ ဇူလိုင်လ ၂၂ ရက်နေ့ထိ ကောက်ယူခဲ့ပြီး  လက်မှတ်ပေါင်း ရှစ်ထောင်ကျော် ရရှိခဲ့ကြောင်း အဆိုပါအဖွဲ့ အထွေထွေ အတွင်းရေမှူး ဦးမျိုး ဆက်စံက ပြောကြားသည်။

''အခုကောက်ယူ ရရှိထားတဲ့ လက်မှတ်တွေကို စိစစ်တာတွေ၊ လိုအပ်ချက်တွေ ဖြည့်တာတွေ လုပ်လို့ ပြီးသွားပါပြီ။ ဒီလက်မှတ်ထိုး စာအုပ်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေကို အခမ်းအနားနဲ့ အပ်နှံမယ်။ လွှတ်တော်ကိုလည်း တင်မယ်။ တိုင်းအစိုးရအဖွဲ့၊ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနကိုလည်း ပေးပို့သွား မယ်''ဟု ၎င်းက ထပ်မံ ဆိုသည်။

မြန်မာ တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် အထင်ကရ နယ်မြေကို အဓွန့်ရှည် တည်တံ့စေရန်၊ ခေတ်သစ် ပုံရိပ်များ ဝါးမျိုမှုများ ရပ်တန့်စေရန်၊ ဒေသခံ အများစု၏ လူ့အခွင့်အရေးများ အပြည့်အဝ ရရှိစေရန်နှင့် ပုဂံ အလှပျက်စီးမှုများ ကာကွယ်ရန်အတွက် Save The Bagan အစီအစဉ်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့ဝင်များက ဆိုသည်။

ယင်းသို့ လက်မှတ်ထိုး ကမ်ပိန်းပြုလုပ်ရာတွင် ပုဂံဒေသ ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဥပဒေနှင့် မညီညွတ်သည့် ခေတ်သစ် အဆောက်အအုံများနှင့် ခြံခတ် သိမ်းပိုက်ထားသည့် နေရာများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပေးရန်၊ တားဆီး ပိတ်ပင်ခံထားရသည့် ဒေသခံများ၏  စီးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများကို ဥပဒေနှင့်အညီ အမြန်ဆုံး လမ်း ဖွင့်ဆောင်ရွက်ရန်၊ ရှေးဟောင်း အမွေအနှစ်များ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရာတွင် ဒေသခံများနှင့် သက်ဆိုင်ရာြွဥ အဖွဲ့အစည်း စသည်တို့ကို ပွင့်လင်းမြင်သာစွာ တင်ပြသိရှိခွင့် ရရှိရေးအတွက် ဦးတည်ဆောင်ရွက်ခဲ့ကြောင်း ကောက်ယူသူများက ပြောကြားသည်။

ယင်းအပြင် ဒေသအတွင်း ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းမှ ကျူးကျော် သိမ်းဆည်းခံ မြေနေရာများကို အများပိုင် မြေ၊ အများပိုင် လမ်းနှင့် လယ်ယာမြေများအဖြစ် ဥပဒေနှင့်အညီ ပြန်လည်စိစစ် ဆောင်ရွက်ပေးရေး၊ ဧရာဝတီမြစ်ကမ်း တစ်လျှောက် တာဖို့ ကျူးကျော်ဘောင်ခတ် ထားသော နေရာများကို ဥပဒေနှင့်အညီ  အရေးယူ ဆောင်ရွက်ပေးရေးတို့ ပါဝင်ကြောင်း အဖိုးတန် မျိုးဆက်တို့၏ ပုဂံအဖွဲ့ထံမှ ထပ်မံသိရသည်။

  • VIA