News

POST TYPE

MANDALAY

မန္တလေးတွင် ရေဝင်၍ ကျောင်း ၂၀၀ ကျော်ပိတ်
02-Aug-2016 tagged as ရေကြီး disaster2016

မန္တလေး၊ သြဂုတ် ၁

မန္တလေးတိုင်းဒေသကြီးအတွင်း ဇူလိုင်လ ၂၀ ရက်နေ့မှ စတင်ကာ ၃၁ ရက်နေ့အထိ မိုးဆက်တိုက်ရွာသွန်းခဲ့သဖြင့် ဧရာဝတီမြစ်နှင့် ဒုဌဝတီမြစ်တို့တွင် မြစ်ရေမြင့်တက်လာရာ စာသင်ကျောင်းများအတွင်း ရေဝင်ရောက်မှု ရှိနေရာ စာသင်ကျောင်းပေါင်း ၂၀၀ ကျော် ယာယီပိတ်ထားရကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး စာရင်းများအရ သိရသည်။

ယင်းအခြေအနေများကြောင့် မန္တလေးတိုင်းဒေသကြီး အတွင်းမှ စာသင်ကျောင်းပေါင်း ၂၀၇ ကျောင်း (အထကအဆင့် ကျောင်းပေါင်း ခုနစ်ကျောင်း၊ အထကခွဲအဆင့် ၁၅ ကျောင်း၊ အလကအဆင့် ၃ ကျောင်း၊ အလကခွဲအဆင့် ၂၉ ကျောင်း၊ အမကလွန်အဆင့် ၃၂ ကျောင်းနှင့် အမကအဆင့် ၁၃၁ ကျောင်း ပိတ်ထားရကြောင်း အဆိုပါ စာရင်းများအရ သိရသည်။

“ရေပြန်မကျမချင်းတော့ ပိတ်ထားရမှာ။ သတင်းတွေ အဆက်မပြတ် ရယူနေပါတယ်။ ကျွန်တော်တို့ဆီမှာ ရှိတဲ့ စာရင်းအရတော့ အခုအချိန်ထိ ၁၇၄ ကျောင်းပဲ ရှိပါသေးတယ်။ အုပ်ချုပ်ရေးပိုင်းက စာရင်းတွေတော့ ကျွန်တော်တို့ မသိပါဘူး” ဟု မန္တလေးတိုင်းဒေသကြီး ပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်မြင့်က ဆိုသည်။

ယာယီပိတ်ထားရသည့် မြို့နယ်များတွင် မတ္တရာမြို့နယ်တွင် ကျောင်းပေါင်း ၆၀ ခန့်အထိ အများဆုံး ပိတ်ထားရကာ အမရပူရ မြို့နယ်တွင်လည်း ကျောင်းပေါင်း ၃၀ ခန့်အထိ ပိတ်ထားရပြီ ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ယင်းအပြင် အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်သည်လည်း မိုးများခြင်း၊ တောင်သမန်အင်း အတွင်းမှ ရေများ လျှံကျခြင်းတို့ကြောင့် တက္ကသိုလ်အတွင်း ရေများ ဝင်ရောက်လာသည့်အတွက် ယာယီပိတ်ထားရကြောင်း အဆိုပါ ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။

မန္တလေးမြို့အနီး ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေသည် လာမည့်နှစ်ရက်အထိ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်တည်ရှိနေမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ပြောကြားထားသည်။