News

POST TYPE

MANDALAY

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကုတ်မြို့လမ်းများ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး နေအိမ်နှစ်လုံး ထိခိုက်ပျက်စီး
26-Jun-2020


မန္တလေး၊ ဇွန် ၂၅ 

မန္တလေးတိုင်း မိုးကုတ်မြို့၌ ဇွန်လ ၂၅ ရက်နေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မြို့တွင်းလမ်းများတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး မြေပြိုကျမှုများကြောင့် နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ယင်းမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနထံမှ သိရသည်။

မိုသည်းထန်စွာရွာသွန်းခဲ့သဖြင့် မြေပြိုကျမှုများကြောင့် မိုးကုတ်မြို့ မြို့မရပ်ကွက်ရှိ နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ်အတွင်းရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို မြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားရသော်လည်း စိုးရိမ်စရာမရှိကြောင်း မိုးကုတ်မြို့နယ် အုပ်ချုပ်ရေးမှူးဦးလှမိုးဦးက ပြောကြားသည်။ 

"မြေပြိုပြီး အိမ်တွေကိုပိမိတော့ အိမ်ထဲကလူတွေ ထိခိုက်မိတာပါ။ ပြင်ပဒဏ်ရာတော့ မရှိပါဘူး။ အတွင်းဒဏ်ရာတွေ ဖြစ်မှာစိုးလို့ ဆေးရုံမှာစောင့်ကြည့်နေရတဲ့သဘောပါ" ဟု ၎င်းကရှင်းပြသည်။ 

မြေပြိုကျနိုင်သည့်အန္တရာယ်များကြောင့် မြို့မရပ်ကွက်နှင့် ရှောလီဝိုင်းရပ်ကွက်အတွင်းရှိ နေအိမ် ၁၁ လုံးမှ မိသားစုဝင်များကို ဘေးအန္တရာယ်ကင်းရာနေရာများသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ ထပ်မံသိရသည်။ 



ဇွန်လ ၂၅ ရက်နေ့ နံနက် ၇ နာရီ ခန့်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ အမှိုက်များပိတ်ဆို့မှုကြောင့်  ရေနီချောင်းရေလျှံခဲ့ပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကာ မွန်းတည့် ၁၂ နာရီကျော်တွင် မြို့တွင်းလမ်းများပေါ်မှရေများ လျော့ ကျသွားပြီဖြစ်ကြောင်း မိုးကုတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က ပြောကြားသည်။

“ရေက တော်တော်များတယ်။ ရေလွှမ်းသွားတယ်။ မိုးကုတ် အနောက်မြောက်ဘက်မှာရှိတဲ့ ရေအားလျှပ်စစ်ရေထိန်းတံခါးကို ဖွင့်ပေးလိုက်တော့ အောက်ကိုဆင်းသွားပြီးတော့ မြို့ပေါ်မှာ ရေမကျန်တော့ဘူး။ အောက်ဘက်ကလမ်းမှာ မြေပြိုတာရှိတယ်။ ထိခိုက်မှုတော့ မရှိပါဘူး”ဟု ၎င်းကဆိုသည်။

အထက်မြန်မာပြည် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မိုးရွာသွန်းမှုတိုင်းထွာချက်များအရ မိုးကုတ်ဒေသတွင် ဇွန်လ ၂၄ ရက် နံနက် ၉ နာရီမှ ဇွန်လ ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန် မိုးရေချိန် ၂ လက်မကျော်ရွာသွန်းခဲ့ကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။ 

ဘုန်းမြတ်