News

POST TYPE

MANDALAY

အိန္ဒိယဝယ်လိုအားကြောင့် မြေထောက်ပဲ ဈေးပြန်တက်
24-Jun-2020


မန္တလေး၊ ဇွန် ၂၃

အိန္ဒိယ၏ဝယ်လိုအားကြောင့် ယခုရက်ပိုင်းအတွင်း မန္တလေးကုန်စည်ဒိုင်၌ မြေထောက်ပဲဈေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့ကြောင်း ပဲ၊ နှမ်းကုန်သည် အချို့ထံမှ သိရသည်။

မန္တလေးကုန်စည်ဒိုင်၏ ဇွန်လ ၂၃ ရက်နေ့ ပဲ၊ နှမ်း ဈေးနှုန်းထုတ်ပြန်ချက်များအရ မြေထောက်ပဲ သုံးတင်းဝင်တစ်အိတ်လျှင် ပစ္စည်းအရည်အသွေးအပေါ်မူတည်ကာ ၉၈,ဝ၀ဝ ကျပ်၊ ၁၀၂,ဝ၀ဝ ကျပ်၊ ၁၀၃,ဝ၀ဝ ကျပ် ဈေးနှုန်းများရှိကြောင်း ဖော်ပြထားသည်။

ဈေးကွက်အတွင်း တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ ဝယ်ယူမှုကြောင့် မြေထောက်ပဲများနည်းပါးလာခဲ့ပြီး ကုန်ပစ္စည်းရှားလာခြင်းနှင့်အတူ အိန္ဒိယဘက် ဝယ်လိုအားတိုးလာခြင်းကြောင့် မြေထောက်ပဲဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း ပဲ၊ နှမ်း ကုန်သည် ဦးကျော်သွင်က ပြောကြားသည်။

"သူတို့နှစ်လက် ဝယ်အားကောင်းတော့ ပစ္စည်းကရှားသွားတယ်။ ပစ္စည်းမရှိတော့လို့ ဈေးတက်သွားတာ။ တက်ဦးမှာပဲ။ မြေထောက်ပဲ လက်ကျန်နည်းသွားပြီ။ အခုဝယ်အားကောင်းတာက အိတ်စ်ပို့လက် အိန္ဒိယဘက်က ဝယ်အားကောင်းတယ်။ တရုတ်က ၉၅,ဝ၀ဝ လောက် ရောက်တော့ ဈေးပိုပေးပြီးမဝယ်ချင်တော့ဘူး။ နောက်ပိုင်းဝယ်နေတာ အိန္ဒိယဘက်က ဝယ်လက်ပါ" ဟု ၎င်းက ပြောဆိုသည်။

မြေထောက်ပဲများသည် ဈေးကွက်သို့ ဇန်နဝါရီလနောက်ဆုံးပတ်ကစတင် ဝင်ရောက်ခဲ့ပြီး ကနဦးပေါ်စအချိန်က သုံးတင်းဝင် တစ်အိတ်၏ဈေးနှုန်းမှာ ကျပ် ၁၁၅,ဝ၀ဝ ကျပ်ဝန်းကျင်ဖြင့် ဈေးကွက်အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

မြေထောက်ပဲများ ဈေးကွက်သို့ ပေါများစွာဝင်ရောက်လာသောကာလက အိန္ဒိယနှင့် တရုတ်ဝယ်လက်တို့ အပြိုင်ဝယ်ယူခဲ့ခြင်းကြောင့် ဈေးနှုန်းများစွာ ကျဆင်းခဲ့မှုမရှိခဲ့သော်လည်း COVID-19 ကာလအတွင်း ဈေးနှုန်းများ ဆိုးရွားစွာကျဆင်းခဲ့ကြောင်း ပဲ၊ နှမ်း ကုန်သည် တစ်ဦးက ပြောကြားသည်။

"ကိုဗစ်-၁၉ ဖြစ်တော့ ဝယ်တဲ့လူကမဝယ်တော့ဘူး။ ပစ္စည်းတင်တဲ့သူကလည်း ဈေးကွက်ကိုမတင်တော့ဘူး။ သုံးတင်းဝင် တစ်အိတ်ကို ဈေးတွေကျသွားလိုက်တာ ၁၁၀,ဝ၀ဝ ကျပ်ဈေးကနေ ပစ္စည်းကောင်းတာတောင် ၈၀,ဝ၀ဝ ကျပ် ဝန်းကျင်အထိ ကျသွားတယ်။ အရည် အသွေးနည်းနည်းလိုတဲ့ပစ္စည်းဆို ၇၀,ဝ၀ဝ လောက်ပဲရတော့တယ်" ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် မြေထောက်ပဲကို ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် မြစ်ရိုးတစ်လျှောက်ရှိ အထက်ပိုင်းဒေသများတွင် စိုက်ပျိုးကြသည်။       

ဘုန်းမြတ်