News

POST TYPE

MANDALAY

ကားငယ်များထုတ်လုပ်နေသူက Wheel Chair အသုံးပြုနေသော မသန်စွမ်းသူများမောင်းနိုင်သည့် လျှပ်စစ်ဆိုင်ကယ် တီထွင်
24-Jun-2020


မိတ္ထီလာ၊ ဇွန် ၂၃

မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်တွင် နေထိုင်ပြီး ဆိုင်ကယ်အင်ဂျင်ဖြင့် ကားငယ်များထုတ်လုပ်နေသူ ကိုဇော်မျိုးဦးက Wheel Chair အသုံးပြုနေရသော မသန်စွမ်းသူများကိုယ်တိုင်မောင်းနှင်နိုင်မည့် လျှပ်စစ်ဆိုင်ကယ်ကို ထပ်မံတီထွင် ထုတ်လုပ်လိုက်သည်။

"ကျွန်တော် အရင်လုပ်တာက 50 CC ဘီးတွေလုပ်တာ။ အဲဒါက ချိုင်းထောက်သမားပဲ အဆင်ပြေတာ။ ချိုင်းထောက်ထောက်နိုင်ရင် အဆင်ပြေတယ်လေ။ Wheel Chair ပေါ်ကမဆင်းနိုင်တဲ့သူက ဆိုင်ကယ်စီးချင်တယ်။Wheel Chair သုံးတဲ့သူအတွက်ရော မထုတ်ဘူး လားလို့မေးကြတယ်။ တစ်လနီးပါးတည်ဆောက်ရတယ်။ အဓိကရည်ရွယ်တာလည်း Wheel Chair သမားအတွက်ပါပဲ။ သူ့ရဲ့တန်ဖိုးက ပစ္စည်းဖိုး၊ လက်ခအပါအဝင်ဆိုရင် (ကျပ်) ၁၂ သိန်းကျပါတယ်။ ကုန်ကြမ်းပစ္စည်းတွေက တရုတ်နိုင်ငံကဝယ်ယူပါတယ်။ ဒီဇိုင်းက ကိုယ်ပိုင်ဒီဇိုင်းပါဟု" လျှပ်စစ်ဆိုင်ကယ်တီထွင်သူ ကိုဇော်မျိုးဦးက ပြောဆိုသည်။

ယခင်က ဓာတ်ဆီအင်ဂျင်များဖြင့်သာ သုံးဘီးဆိုင်ကယ်များ ထုတ်လုပ်ခဲ့ပြီးယခုဆိုင်ကယ်သည် ပထမဆုံးသော လျှပ်စစ်သုံးဘီး ဆိုင်ကယ်ဖြစ်ကြောင်း၊ အလျားခြောက်ပေ အနံလေးပေခန့်ရှိသော ယင်းဆိုင်ကယ်တွင် 60 Volt - Latic ဘက်ထရီအသုံးပြုထားပြီး ကိုယ်ထည်မှာ ဖိုင်ဘာဖြစ်ကြောင်း၊ တစ်နာရီလျှင် ၁၈ မိုင်နှုန်းအထိ မောင်းနှင်နိုင်ပြီး ဘက်ထရီကို ခုနစ်နာရီခန့် အားသွင်းထားလျှင် ၁၅ မိုင်အကွာအဝေးအထိ မောင်းနိုင်ကြောင်း ၎င်းကရှင်းပြသည်။ 

“အစိုးရက ချေးငွေချပေးခဲ့မည်ဆိုရင် လိုအပ်နေတဲ့အရာတွေ ဖြည့်ဆည်းဖို့ အလုပ်ရုံအကြီးကြီးတစ်ခု ထောင်ချင်ပါတယ်”ဟု ကိုဇော်မျိုးဦးက ထပ်မံပြောဆိုသည်။ 

တွင်ခုံလုပ်ငန်းရှင် ကိုဇော်မျိုးဦးသည် ၂၀၁၃ ခုနှစ်ကစ၍  125CC, 150CC,250CC ဆိုင်ကယ်အင်ဂျင်များဖြင့် ကားငယ်သုံးစီး ထုတ်လုပ်ခဲ့ဖူးပြီး မသန်စွမ်းသူများအတွက် 50CC အင်ဂျင်ဖြင့် ဘက်ဂီယာပါသော သုံးဘီးဆိုင်ကယ် ၂၁ စီး ထုတ်လုပ်ပေးပြီးဖြစ်ကြောင်း၊ ယခုထုတ်လုပ်မှုမှာ ၂၅ စီးမြောက်ဖြစ်ကြောင်း ၎င်းထံမှသိရသည်။ 

R-01