News

POST TYPE

MANDALAY

သက်တမ်းကုန်လုပ်ကွက်အတွင်း ကျောက်ခိုးတူးသူများကို ကျောက်မျက်ဥပဒေဖြင့်အရေးယူမည်
23-Jun-2020


မန္တလေး၊ ဇွန် ၂၂

မိုးကုတ်ရတနာနယ်မြေရှိ သက်တမ်းကုန်ကျောက်မျက်လုပ်ကွက်များအတွင်း ကျောက်ခိုးတူးပါက ကျောက်မျက်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း(မိုးကုတ်)က ဇွန်လ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။

သက်တမ်းကုန်ကျောက်မျက်လုပ်ကွက်များအတွင်း တရားမဝင်ကျောက်မျက်တူးဖော်နေသော တွင်းလုပ်သားများအနေနှင့် ဇွန်လ ၂၂ ရက်နေ့ နောက်ဆုံးထား၍ လုပ်ကွက်အတွင်းမှထွက်ခွာပေးရန်နှင့် မိမိတို့ပိုင်ဆိုင်သော စက်၊ရေပုံး၊ လုပ်ကွက် (တွင်း) သုံးပစ္စည်းများကိုပါ တစ်ပါတည်းသိမ်းဆည်း၍ လုပ်ကွက်များအတွင်းမှ ဖယ်ပေးကြရမည်ဖြစ်ကြောင်း၊ စစ်ဆေးတွေ့ရှိပါက ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း အရေးယူမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးကုတ်မြို့နယ်အတွင်း ကျောက်မျက်တူးဖော်ခွင့်ရရှိထားသောကုမ္ပဏီများမှာ ၂၀၁၉ ခုနှစ်ကတည်းက  သက်တမ်းကုန်ဆုံးခဲ့ပြီးဖြစ်သည်။ 

ယင်းသက်တမ်းကုန်ကျောက်မျက်လုပ်ကွက်အချို့တွင်  ဒေသခံလက်လုပ်လက်စားများ ဝင်ရောက်တူးဖော်နေကြောင်း မိုးကုတ်မြို့နယ် ကျောက်ပြသဒ်ကျေးရွာဒေသခံတစ်ဦးက ပြောကြားသည်။

ရတနာနယ်မြေရှိ သက်မှတ်လုပ်ကွက်များအား ပြန်လည်တိုင်းတာခြင်းများလုပ်ဆောင်ရန် (Zero Ground) လိုအပ်သည်ဆိုပါက ယင်းမြေပေါ် လုပ်ကွက်အတွင်းရှိ အဆောက်အအုံများ၊ ယာဉ်များ၊ စက်ယန္တရားများပါ ဖယ်ရှားရှင်းလင်းရန်လိုကြောင်း၊ ဒေသခံများ၏ လုပ်ဆောင်မှုတစ်ခုတည်းကိုသာ ရှင်းလင်းမည်ဆိုပါက တရားမျှတမှုမရှိသောကြောင့် သက်တမ်းကုန် လုပ်ကွက်များအတွင်း၌ရှိသော ကုမ္ပဏီများကိုလည်း ရှင်းလင်းစေလိုကြောင်း မိုးကုတ်မြို့ခံအရပ်ဘက်အဖွဲ့အစည်းဝင်တစ်ဦးက ပြောဆိုသည်။

လက်လုပ်လက်စားနေရာချထားမှုအတွက် မျှတမှုဖြစ်နိုင်ရန် ဒေသခံအချို့သည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်မြို့သို့ လာရောက်စဉ် တောင်းဆိုဆန္ဒထုတ်ဖော်မှုများ ရှိခဲ့သည်။   

မိုးကုတ်ကျောက်မျက်ရတနာတူးဖော်ရေးဌာန၏ တိုင်းတာချက်များအရ လက်လုပ်လက်စားများအတွက် ဧက ၈၀ဝ၀ဝ ကျော်လျာထားရာ လောင်းစင်၊ရေဝေ၊ပင်သပြေစသည့် ကျေးရွာများတွင် ဧက ၆၀ဝ၀ဝ ကျော်၊ ပိန်းပြစ်ကျေးရွာနှင့်အနီး ပတ်ဝန်ကျင်ကျေးရွာများတွင် ဧက ၁၀ဝ၀ဝ ကျော်၊ ကျောက်ပုံကျေးရွာနှင့်အနီးပတ်ဝန်ကျင်ကျေးရွာများတွင် ဧက ၆၀ဝ၀ ကျော် လျာထားကြောင်း ယင်းဌာနထံမှ သိရသည်။

S-02