News

POST TYPE

MANDALAY

ပုဂံဘုရားများတွင် CCTV တပ်ရန် စီစဉ်
23-Jun-2020


ပုဂံ ၊ ဇွန် ၂၂ 

ပုဂံဘုရားများတွင် CCTV ကင်မရာ တပ်ဆင်နိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲထံမှ သိရသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသရှိရှေးဟောင်းစေတီ ၁၂ ဆူ ဖောက်ထွင်းခံခဲ့ရပြီးနောက်ပိုင်း အလားတူကိစ္စရပ်များ ထပ်မံဖြစ်ပွားမှုမရှိစေရန် ဘုရားများတွင် CCTV တပ်ဆင်ရန် စီစဉ်နေခြင်းဖြစ်သည်။

"CCTV တပ်ဖို့ ဆွေးနွေးနေတုန်းဖြစ်ပါတယ်။ တပ်ဖြစ်ရင် တင်ဒါခေါ်တာတွေလုပ်ရမယ်၊ လက်ရှိမှာတော့ ဘယ်လိုလုပ်ရင် အဆင်ပြေမလဲဆိုတာကို ကျွမ်းကျင်ကုမ္ပဏီကို ဆာဗေးဆင်းခိုင်းတာပဲရှိပါသေးတယ်။ အရင်နှစ်လောက်ကတည်းက ဟွာဝေးကုမ္ပဏီက ဆာဗေးဆင်းထားတာရှိတယ်။ အဲ့ဒီဆင်းထားတဲ့ဟာက မြေပြင်မှာ တကယ်အဆင်ပြေမပြေ လိုက်ကြည့်ရမှာဖြစ်တယ်"ဟု ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသန်းထိုက်က ပြောကြားသည်။

CCTV တပ်ဆင်ရာတွင် ပထမဦးစားပေးအနေနှင့် အရေးကြီးပြီးအရေးပါသည့်ဘုရားများကို စတင်တပ်ဆင်ရန် ရည်ရွယ်ထား ခြင်းကြောင့် နံရံဆေးရေးပန်းချီရှိသည့်ဘုရားများ၊ ယဉ်ကျေးမှုအနုပညာမြောက်သည့်ဘုရားများနှင့် အင်္ဂတေပန်းကောင်းသည့်ဘုရားများ ပါဝင်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ယင်းအပြင် ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသဖြစ်သောကြောင့် ရှေးဟောင်းစေတီပုထိုးများကို မြင်ကွင်း မကွယ်စေရန်နှင့် မထိခိုက်စေရန် လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲထံမှ ထပ်မံသိရသည်။

ပုဂံဒေသတွင် ရှေးဟောင်းဘုရားစေတီ ၃၈၂၂ ဆူရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ မျတ်တမ်းအရ သိရသည်။

ပုဂံဒေသရှိ ဘုရား ၁၂ ဆူဖောက်ထွင်းခံရခြင်းနှင့်ပတ်သက်၍ နေပြည်တော် စီအိုင်ဒီက မြေပြင်ကွင်းဆင်း စစ်ဆေးနေပြီဖြစ်သည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ပုဂံဒေသမှ ဘုရားအချို့ဖောက်ထွင်းခံရခြင်းသည် မူးယစ်ဆေးသုံးစွဲမှုနှင့် ဆက်စပ်နေသည်ဟု သုံးသပ်ထားသည်။

သိင်္ဂီ(VOM)