News

POST TYPE

MANDALAY

ပုဂံဘုရားများ ဌာပနာအဖောက်ခံရမှု CID က စစ်ဆေးနေပြီဟု ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူးပြော
16-Jun-2020


မန္တလေး၊ ဇွန် ၁၆

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိဘုရားများ ဌာပနာအဖောက်ခံရသည့်ဖြစ်စဉ်များနှင့် လောကထိပ်ပန်ဘုရား ယင်းလိပ်တံခါး မီးရှို့ခံခဲ့ရသည်ဖြစ်စဉ်များကို မှုခင်းရဲတပ်ဖွဲ့ CID က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ပြောကြားသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရား ၁၂ ဆူ ပြီးခဲ့သည့်ရက်ပိုင်းက ဌာပနာများ ဖောက်ထွင်းခံခဲ့ရပြီး နံရံဆေးရေးပန်ချီများရှိရာ လောကထိပ်ပန်ဘုရား ယင်းလိပ်တံခါးမီးရှို့ခံရသည့်ဖြစ်စဉ်များမှ ကျူးလွန်သူများကို အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် CID က လာရောက်စုံစမ်းစစ်ဆေးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

"တရာခံဖမ်းဆီးရမိရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့နဲ့ နေပြည်တော် CID က ရဲမှူးကြီးတွေကိုယ်တိုင် စစ်ဆေးတာတွေလုပ်နေတယ်"ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ရှေးဟောင်းနယ်မြေလုံခြုံရေးအတွက် နယ်မြေခံတပ်ရင်း ခမရ ၄၁၅ မှ တပ်ခွဲတစ်ခွဲသည် ခရိုင်ရဲတပ်ဖွဲ့ဝင်များသည် အဖွဲ့လေးဖွဲ့ခွဲကာ နေ့၊ ည လုံခြုံရေးတိုးမြှင့်ထားပြီး ဂေါပကရှိသောဘုရား ၁၉ ဆူမှ ဂေါပကအဖွဲ့များနှင့် လုံခြုံရေးဝန်ထမ်းများကိုလည်း မူလတာဝန်များအပြင် ဘုရားပရဝုဏ်၏ ကိုက် ၁၀ဝ၀ ပတ်လည်အတွင်းရှိ ရှေးဟောင်းဘုရားများကိုလည်း လုံခြုံရေးတာဝန်ပူးတွဲယူရန် အုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားထားသည်။

COVID-19 ကြောင့် ပြည်တွင်းပြည်ပခရီးသွားများမရှိချိန်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းပစ္စည်းများ ခိုးယူဖျက်ဆီးခြင်းမခံရစေရန် မေလခန့်မှစတင်၍ ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဘုရားလုံခြုံရေးနေ့စားဝန်ထမ်းများ၊ ပုဂံဧည့်လမ်းညွန်အသင်းတို့ပူးပေါင်းကာ ကင်းလှည့်ခဲ့ရာမှ ဘုရားဌာပနာများ အဖောက်ခံရသည်ကိုတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသာပြတိုက်ဦးစီးဌာနထုတ်ပြန်ချက်များအရ ပုဂံဒေသတွင် ဌာပနာ အဖောက်ခံရသည်ဟု ယူဆရသောဘုရား ၃၃ ဆူ စစ်ဆေးတွေ့ရှိခဲ့သည့်အနက် ဘုရား ၁၂ ဆူမှာ အမှန်တကယ် ဌာပနာဖောက်ခံရခြင်းဖြစ်ပြီး ကျန် ၂၁ ဆူမှာ မူလကတည်းက ဌာပနာထည့်သွင်းခဲ့ခြင်း မရှိကြောင်း သိရသည်။

ရတီ