News

POST TYPE

MANDALAY

“ကလေးတွေ အလိမ်ခံရတော့မယ်” ဟူသော စာရွက်များ မန္တလေးတိုင်း ပညာရေးမှူးရုံးရှေ့တွင် ကပ်
08-Jun-2020

 
မန္တလေး၊ ဇွန် ၇

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း ၃၀၊ ၆၆ လမ်းနှင့် ၆၈လမ်းကြားရှိ မန္တလေးတိုင်း ပညာရေးမှူးရုံးရှေ့တွင် “ကလေးတွေ အလိမ်ခံရတော့မယ်” ဟူသော စာသားများပါသည့် စာရွက်များ လာရောက်ကပ်ထားသည်ကို ဇွန်လ ၇ ရက်နေ့ နံနက်က တွေ့ရှိခဲ့ရသည်။ 

ယင်းစာရွက်များတွင် “ကိုအောင်ဆန်း ဘဝမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂမှာ တာဝန်ယူခဲ့တယ်လို့ မရှိဖူးဘူး၊ သူတည်ထောင်ခဲ့တာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ” ဟူသော စာသားတွေလည်း ပါဝင်နေသည်ကို တွေ့ရသည်။

ဒသမတန်း မြန်မာစာကျောင်းသုံး စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝနှင့် ပညာရေးအမြင်ဟူသော သင်ရိုးညွန်းတမ်းစာမျက်နှာတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဟု သုံးစွဲခြင်းမရှိဘဲ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟု သုံးစွဲထားသည်ကို မကျေနပ်သူများက သမိုင်းအမှားမဖြစ်အောင် ပြုလုပ်ခြင်းဖြစ်နိုင်သည်ဟု ဗကသအဖွဲ့ဝင်များက ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက “ပြောရမယ်ဆိုရင် အဲ့ဒီဟာကို ဘယ်သူ လုပ်တယ်ဆိုတာ ကျွန်တော်တို့လည်း မသိဘူး၊ အဲ့ဒီ ဗ-မ နဲ့ပတ်သက်ပြီး သမိုင်းအမှားကို သင်ရိုးထဲထည့်တာဖြစ်တဲ့အတွက် မလုပ်ရအောင်မို့ ကျွန်တော်တို့က ပြည်ထောင်စုဝန်ကြီးဆီကို ဆက်သွယ်ပြီး ပြင်ဖို့အတွက် စာပို့ထားပြီးပါပြီ၊ ဒါက လက်ရှိ ကျွန်တော်တို့လုပ်ထားတဲ့ အနေအထားပေါ့၊ ဒီ မနက်လိုဟာမျိုးကျ ကျွန်တော်တို့လည်း မသိဘူးလို့ပဲ ပြောရမယ်၊ ဒါပေမဲ့ သူတို့လည်း သမိုင်းအမှားမဖြစ်အောင်လို့ တစ်နည်းနည်းနဲ့ လုပ်တဲ့သဘောမျိုးလို့ ကျွန်တော်တို့ ယူဆပါတယ်။ ဒီကိစ္စက ကျွန်တော်တို့လုပ်တာ မဟုတ်ပါဘူး” ဟု ပြောဆိုသည်။

မန္တလေးတိုင်းပညာရေးမှူးရုံးရှေ့ရှိ ဆိုင်းဘုတ်နှင့် ဓာတ်တိုင်အချို့တွင် ယင်းစာသားများပါသည့် စာရွက်များ လာကပ်ထားသည်ကို ရဲတပ်ဖွဲ့နှင့်အုပ်ချုပ်ရေး အဖွဲ့ဝင်များက ပြန်လည်ဖြုတ်သိမ်းသွားခဲ့သည်။

ဟိန်းကို (VOM)