News

POST TYPE

MANDALAY

မန္တလေးဈေးချို ယနေ့ ပြန်ဖွင့်မည်
22-May-2020
မန္တလေး၊ မေ ၂၁

မန္တလေးမြို့ အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးအပါအဝင် ဈေးရုံအသီးသီးကို မေလ ၂၂ ရက်(ယနေ့) မှ စတင်ကာ  ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ရောင်းချမည်ဖြစ်ကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေး အကျိုးတော် ဆောင်ကော်မတီထံမှ သိရသည်။

ဈေးဖွင့်ချိန်ကို နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ သတ်မှတ်ပေးထားကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့်တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကိုဗစ်ပြဿနာကြောင့် မန္တလေးမြို့အဆင့်မြင့်ဈေးချိုတော်ကို မတ်လ ၂၉ ရက်နေ့မှစတင်ကာ လက်ရှိအချိန်အထိ ရက်ပေါင်း ၅၃ ရက် ယာယီပိတ်ခဲ့ရသည်။

ယင်းဈေး ပြန်လည်ဖွင့်လှစ်ချိန်တွင် ဈေးဝယ်သူနှင့်ဈေးသည်များကို အဓိကဝင်ပေါက်များမှာ Thermogun ဖြင့်စစ်ဆေးရန်၊ လက်ဆေးရန် စီစဉ်ပေးထားမှု၊ ဆိုင်တိုင်းတွင် Sanitizer ထားရှိရန်၊ ဈေးသည်ဈေးဝယ်အားလုံး အချိန်ပြည့် စနစ်တကျ Mask တပ်ရန်၊ Social Distancing ဖြစ်စေရန် ဆိုင်ခန်းတစ်ခန်းတွင် ပိုင်ရှင်နှင့် ဝန်ထမ်းတစ်ဦးစီသာထားရန် စသည့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ညွှန်ကြားချက်များကို တိတိကျကျလိုက်နာရန်နှင့် လိုက်နာမှုမရှိသည့်ဆိုင်များကို ဖွင့်ခွင့်သုံးရက်ပိတ်ရန် စသည့် စည်းကမ်းများဖြင့် တင်းကျပ်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

အဆင့်မြင့်ဈေးချိုတော်နှင့်တိုက်တန်းကြီးအပါအဝင် မန်းမြန်မာပလာဇာနှင့် ရတနာပုံဈေးများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်  မြို့တော်ဝန်ဒေါက်တာရဲလွင်နှင့်တာဝန်ရှိသူများ မေလ ၁၈ ရက်နေ့ကစစ်ဆေးခဲ့သည်။

မန္တလေးဈေးချိုတော်ပိတ်ထားချိန်တွင် ဈေးချိုပတ်လည်တွင် ပလက်ဖောင်းပြင်ခြင်းများ၊ နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းများကို မြို့တော်စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်ပေးထားသည်။

S-02