News

POST TYPE

MANDALAY

မန္တလေးစက်မှုဇုန်အတွင်း ပြန်ဖွင့်ခွင့်ရသည့်စက်ရုံများကို ရှောင်တစ်ခင်စစ်ဆေးမည်
18-May-2020
မန္တလေး၊ မေ ၁၈

မန္တလေးစက်မှုဇုန်အတွင်းမှ စစ်ဆေးမှုအောင်မြင်၍ဖွင့်လှစ်ခွင့်ရရှိခဲ့သည့်စက်ရုံ၊ အလုပ်ရုံများတွင် ကျန်းမာရေဝန်ကြီးဌာ၏ ညွန့်ကြားချက်များ လိုက်နာခြင်းရှိမရှိ ရှောင်တစ်ခင်စစ်ဆေးမည်ဖြစ်ကြောင်း မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။

မန္တလေးစက်မှုဇုန်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများတွင် ကျန်မာရေးဝန်ကြီးဌာနမှလမ်းညွန်ထားသည့် ညွန်ကြားချက် ၁၀ ချက် ဆောင်ရွက်ထားခြင်းရှိမရှိစစ်ဆေးခဲ့ရာ မေလ ၁၅ ရက်နေ့ထိ စက်ရုံ၊ အလုပ်ရုံ ၃၄၄ ရုံကိုစစ်ဆေးပြီးစီးခဲ့ကြောင်း၊ ယင်းစက်ရုံ၊ အလုပ်ရုံများအနက် စက်ရုံ၊ အလုပ်ရုံ ၂၀၅ ရုံသည် ညွန်ကြားချက်များကိုပြည့်စုံအောင်ဆောင်ရွက်ထားသည့်အတွက် ဖွင်ခွင့်ပြုခဲ့ကြောင်း မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောကြားသည်။

“ဒါတွေကို ရှောင်တစ်ခင်စစ်ဆေးတာတွေလုပ်မယ်။ စစ်တဲ့အချိန်ကြမှာ ဒါတွေလုပ်ထားပြီးတော့ စစ်ပြီးတဲ့အချိန်မှာ သတ်မှတ်ထားတာတွေကို မလုပ်တော့ရင် မရဘူးပေါ့။ အရေးယူတာတွေကိုတော့ တိုင်းအစိုးရအဖွဲ့ကဆောင်ရွက်မှာ”ဟု ဦးမောင်မောင်ဦးက ရှင်းပြသည်။

စစ်ဆေးသည့်လုပ်ငန်းများကို မြို့နယ်ကျန်မာရေဦးစီးဌာန၊ တိုင်းလွှတ်တော်ကိုယ်စာလှယ်၊ မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အလုပ်ရုံနှင့် အလုပ်သမားစစ်ဆေးရေးဦးစီးဌာနများပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် ဧပြီလ ၂၆ ရက်နေ့ကစ၍ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး မန္တလေးစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီသို့ စစ်ဆေးခံရန် စက်ရုံ ၃၅၀ ကျော် တင်ပြထားကြောင်း၊ မေလ ၁၅ ရက်နေ့ထိစက်ရုံ ၃၄၄ ရုံစစ်ပြီးသွားပြီဖြစ်ကြောင်း၊ ယင်းစက်ရုံများမှ အဆင့်သတ်မှတ်ချက် A အဆင့်ရသည့် စက်ရုံ ၂၀၅ ရုံ၊ B အဆင့်ရသည့် စက်ရုံ ၅၂ ရုံရှိကြောင်း၊ လက်ရှိအချိန်တွင် B အဆင့်ရသည့်စက်ရုံများကို A အဆင်သတ်မှတ်ပေးနိုင်ရန် ပြန်လည် စစ်ဆေးမှုများပြုလုပ်နေကြောင်း မန္တလေးစက်မှုဇုန် စက်မှုဇုံစီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။

မန္တလေးတိုင်းအတွင်း မရှိမဖြစ်လိုအပ်သော စားသောက်ကုန်များရောင်းချနေသည့် လုပ်ငန်းများ၊ စားသောက်ကုန်များ ထုတ်လုပ်သည့် လုပ်ငန်းများ၊ ဆေးဝါးပစ္စည်းအရောင်းဆိုင်များ၊ ဆေးဝါးထုတ်လုပ်သည့်လုပ်ငန်းများ၊ ပုဂ္ဂလိကဆေးရုံများ၊ စက်သုံးဆီဆိုင်များ၊ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းများ၊ ဘဏ်များဖွင့်လှစ်ရမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများမှလွဲ၍ ကျန်လုပ်ငန်များ ခေတ္တပိတ်ထားရမည်ဖြစ်ကြောင်း ဧပြီလပထမပတ်ကထုတ်ပြန်ထားသည်။

ရတီ