News

POST TYPE

MANDALAY

လမ်းညွန်ချက်၊ စည်းကမ်းများမလိုက်နာသည့် ရွှေဆိုင်များကို အရေးယူမည်
17-May-2020


မန္တလေး၊ မေ ၁၆

မန္တလေးတွင် ပြန်လည်ဖွင့်လှစ်ခွင့် ရထားသည့်ရွှေဆိုင်များအနေနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏စည်း ကမ်းသတ်မှတ်ချက်နှင့် တိုင်းအစိုးရ၏ လမ်းညွှန်မှုများကိုမလိုက်နာပါက အရေးယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီထံမှ သိရသည်။

မန္တလေးမြို့ရှိရွှေဆိုင်များအနေနှင့် မေ ၁၆ ရက်နေ့ကစ၍ ပြန်ဖွင့်ကာ အရောင်းအဝယ်များ ပြန်လည်ပြုလုပ်ကြပြီဖြစ်သည်။ 

ယင်းသို့ပြန်လည်ဖွင့်လှစ်ရာတွင် လိုက်နာရမည့်စည်းကမ်းများသတ်မှတ်ထားကြောင်း၊ စည်းကမ်းမလိုက်နာသည့် ရွှေဆိုင်များကိုအရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

"စစချင်း တွေ့တယ်ဆိုရင် ရွှေဆိုင်ကို တစ်ရက်ပိတ်မယ်။ နောက်တစ်ကြိမ်ထပ်တွေ့ရင် ၃ ရက်ပိတ်မယ်။ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရဲ့အစီအစဉ်နဲ့ အရေးယူတာတွေလုပ်မယ်။ အခါအားလျော်စွာစစ်မယ်။ ရှောင်တခင်စစ်မယ်။ အဖွဲ့လိုက် စစ်တာတွေရှိမယ်" ဟု ၎င်းကပြောဆိုသည်။

ရွှေဆိုင်များအနေနှင့် ဆိုင်အတွင်း ဝယ်သူ၊ ရောင်းသူများ Mask တပ်ခြင်း၊ လက်ဆေး၊ ပိုးသတ်ဆေးဖျန်းခြင်း၊ အပူချိန်တိုင်းပြီးမှ (ဖျားသောသူများ ဝင်ခွင့်မပြု) ဝင်ရောက်ရန်၊ အရောင်းနေရာနှင့် အဝယ်နေရာ သီးခြားစီထား၍ ရောင်းဝယ်ရန်၊ ရွှေဆိုင်ကြီးများအနေနှင့် ၅ ပေခန့် ကောင်တာတစ်ခုလျှင် ၃ ဦးသာ အရောင်းဝန်ထမ်းများထားရှိရန်၊ ရောင်းသူ၊ ဝယ်သူများဆိုင်အတွင်းသို့ဝင်ရောက်ပြီး အရောင်း၊ အဝယ်ပြုလုပ်ချိန်ကို ၁၀ မိနစ် ၁၅ မိနစ်အတွင်း အပြီးဆောင်ရွက်ရန်၊ ဆိုင်ရှေ့တွင် စောင့်ဆိုင်းနေသူများအား လူစုလူဝေးမဖြစ်စေရန်နှင့် Covid-19 ရောဂါကာကွယ်တားဆီးနိုင်ရန်၊ ဆိုင်ရှေ့ စောင့်သူများအားလုံးကို  ၃ ပေ ၄ ပေခန့်ခြားပြီးထိုင်ခုံများဖြင့်စီစဉ်ပေးပြီး စောင့်ဆိုင်းပေးရန်၊ ရောင်းသူ၊ ဝယ်သူများ အဆင်ပြေချောမွေ့စေရန် ဆိုင်များ၏ ဖွင့်ချိန် ပိတ်ချိန်ကို တိုးမြှင့်ပြီး ယခင်ဆိုင်ဖွင့်ချိန်ထက် ၁ နာရီ စောဖွင့်ရန်နှင့် ပိတ်ချိန်အား ၁ နာရီခန့်နောက်ကျပိတ်ကြရန်၊ ရောင်းဈေး၊ ဝယ်ဈေးအား တတ်နိုင်သမျှ အနီးစပ်ဆုံးခွာပြီးရောင်းဝယ်ပေးပါရန်၊ စီးပွားရေးဆန်ဆန် ရောင်းဝယ်ခြင်းမပြုဘဲ Customer များကို ကူညီပံ့ပိုးသည့်စိတ်ဖြင့်သာ ပြုလုပ်ကြပါရန်၊ ရေရှည်အတွက် ဆိုင်များဖွင့်လှစ်ပြီး  စီးပွားရေး အမြန်ဆုံးကောင်းမွန်လည် ပတ်နိုင်ရန်စသည့် စည်းကမ်းသတ်မှတ်ထားသည်။

မန္တလေးမြို့ရှိ ရွှေဆိုင်များအနေနှင့် မတ်လကုန်ခန့်က စတင်ပိတ်ထားခဲ့ရပြီး မေလပထမပတ်အတွင်းကစ၍ အဝယ်သီးသန့် ပြုလုပ်ပေးထားခြင်းများရှိကြောင်း၊ ရွှေဆိုင်မျာအရောင်းအဝယ် ပြန်လည်ဖွင့်လှစ်သည့် မေလ ၁၆ ရက်နေ့တွင် ရွှေဆိုင်များအနေနှင့် လိုက်နာရမည့်စည်းကမ်းချက်များကိုလိုက်နာရန် စီစဉ်ဆောင်ရွက်ထားကြောင်း မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်ထွန်းက ပြောကြားသည်။

"ဒီနေ့စဖွင့်တယ်ဆိုကတည်းက လိုက်နာရမယ့် စည်းကမ်းတွေကိုလိုက်နာစေဖို့ လုပ်ထားတယ်။ ဈေးကွက်ကိုဖွင့်တယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်၊ စည်းမျဉ်းစည်းကမ်း၊ တိုင်းဒေသကြီးရဲ့ လမ်းညွန်ချက်တွေနဲ့အညီ လုပ်ထားပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲအောင် စည်းကမ်းရှိကြဖို့ ရွှေဆိုင်တွေကို ပြောထားပါတယ်" ဟု ၎င်းကရှင်းပြသည်။

မန္တလေးတွင် ရွှေဆိုင်ပေါင်း ၇၀ ကျော်ခန့်ရှိနေကြောင်း မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ 

မေလ ၂ ရက်နေ့ကတည်းက ပြန်သွင်းလိုသည့် ဖောက်သည်များအတွက် အဝယ်သီးသန့်ဆိုင်များ ဖွင့်ပေးထားကြောင်း၊ ယနေ့အရောင်းအဝယ်အနေနှင့် ပုံမှန်အတိုင်းသာရှိကြောင်း ဇွဲထက်စိန်ရွှေရတနာဆိုင် တာဝန်ရှိသူများအဆိုအရ သိရသည်။

"အစ်မတို့ဝန်ထမ်းတွေကို မျက်နှာအကာတွေ၊ မက်စ်တွေအကုန်လုံး ပြင်ဆင်ထားပေးတဲ့အပြင် သူတို့ကိုကြက်ဥကျွေးတာတွေ၊ အားဆေးတိုက်တာတွေ လုပ်ပေးထားပါတယ်။ ရောင်းသူဝယ်သူတွေအတွက်လည်း သတ်မှတ်တဲ့နေရာတွေပြင်ဆင်ထားတယ်။ ဆိုင်ကိုလာရင်လည်း ဆင်ဆာနဲ့လုပ်ထားတဲ့ ပိုးသတ်တဲ့အခန်းထဲက ဖြတ်စေတာတွေ၊ လက်ဆေး ဆပ်ပြာရေတွေနဲ့ လက်ဆေးဖို့စီစဉ်ပေးထားပါတယ်။ ကောင်တာတွေမှာ ဟန်းဂျယ်တွေ ထားပေးထားတယ်။ ငွေပေး ငွေယူကိစ္စတွေမှာလည်း ပိုးသတ်ဆေးဖျန်းတယ်။ ဆိုင်ကိုလာတဲ့ ဖောက်သည်တွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးထားတယ်" ဟု ဇွဲထက်စိန်ရွှေ ရတနာဆိုင်မှ ဒါရိုက်တာဒေါ်မျိုးသူဇာ အောင်ကပြောကြားသည်။

မန္တလေးတွင် ရွှေဆိုင်လုပ်ငန်းများအပါအဝင် ဦးစားပေးဖွင့်လှစ်မည့် စည်ပင်သာယာနှင့်သက်ဆိုင်သည့် လုပ်ငန်းများနှင့် အရောင်းဆိုင်များ ၅၀ နီးပါးရှိသည်။

ရတီ