News

POST TYPE

MANDALAY

ကျန်းမာရေးဘွဲ့ရ မဟုတ်သူများကို ကျန်းမာရေးမှူး ခန့်ထားမှု ကျန်းမာရေးမှူးများ မကျေနပ်
01-Aug-2016

မန္တလေး၊ ဇူလိုင် ၃၁

ကျေးလက်ဒေနှင့် ဆင်ခြေဖုံး ဒေသများ၌ ကျန်းမာရေး တက္ကသိုလ်ဘွဲ့ရ မဟုတ်သူများကို တာဝန်ပေး ခန့်ထားမှုကို မကျေနပ်ကြောင်း မန္တလေးမြို့ခံ ကျန်းမာရေးမှူးများက ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြောကြား လိုက်သည်။

မန္တလေးမြို့ လမ်း ၈ဝ x ၁၅ လမ်းထောင့်ရှိ နိုင်လွန်ခန်းမ၌ ဇူလိုင်လ ၃၁ ရက်နေ့က ကျင်းပသည့် ကျန်းမာရေးမှူးများ တွေ့ဆုံပွဲတွင် ၎င်းတို့က ပြောကြားလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် တစ်ခုတည်းသာ ရှိသော မကွေးမြို့ရှိ အခြေခံ ကျန်းမာရေး တက္ကသိုလ်မှ ဘွဲ့ရခဲ့ကြသည့် ကျန်းမာရေးမှူးများ ရှိနေသော်လည်း ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေး တက္ကသိုလ်၊ ကျန်းမာရေး သင်တန်း တစ်ခုခုတွင် ပညာသင်ကြားခဲ့ခြင်း မရှိသူများကို ကျန်းမာရေးမှူး တာဝန် ပေးအပ်နေခြင်းနှင့် ပတ်သက်၍ ၎င်းတို့က ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

''ကျန်းမာရေးမှူး တာဝန် ထမ်းဆောင်နိုင်တဲ့သူတွေ အများကြီး ရှိနေတယ်။ အဲဒီလိုရှိနေရက်နဲ့ ကျန်းမာရေး ပညာ ဘွဲ့ရမဟုတ်တဲ့သူတွေကို ကျန်းမာရေးမှူး တာဝန် ခန့်အပ်နေတာပါ။ အဲဒီကိစ္စကို ကန့်ကွက်တဲ့အနေနဲ့ ဖဲကြိုးပြာ လှုပ်ရှားမှု (Blue Ribbin Campaing) လုပ်ဆောင်ရခြင်း ဖြစ်တယ်။ ကျွန်တော်တို့က အဆင့် သုံးဆင့်နဲ့ လှုပ်ရှား တောင်းဆိုသွားမယ်''ဟု ငါန်းဇွန်မြို့နယ်မှ ကျန်းမာရေးမှူး -၂ ဦးကျော်စွာထွန်းက ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကျောင်းလူမှုဆက်ဆံရေးမှူး (အခြေခံကျောင်းတွေမှာရှိတဲ့ ကျောင်းသားများ၏ ကျန်းမာရေးနှင့် ပတ်သက်သည်များ ဆောင်ရွက်ရသူ) ကျန်းမာရေးမှူးအဖြစ် ခန့်အပ်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ဖဲကြိုးပြာ လှုပ်ရှားမှုအနေနှင့် တောင်းဆိုလိုသည့် အချက် သုံးချက်ရှိကြောင်း၊ ကျန်းမာရေးတက္ကသိုလ်၊ ကျန်းမာရေး သင်တန်းကျောင်းများမှ ဘွဲ့ရမဟုတ်သူများကို ကျန်းမာရေးမှူး အမည်တပ် တာဝန်ပေးခြင်း မပြုရန်၊ ကျန်းမာရေးမှူးများအား ကျန်းမာရေးနှင့် မသက်ဆိုင်သည့် အခြား ဝန်ကြီးဌာနများသို့ ပြောင်းရွှေ့ တာဝန်ချခြင်း မပြုရန်နှင့် ကျန်းမာရေးမှူးများကို အရာရှိ ရာထူး ပေးရန်တို့ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးမှူးများအသင်းမှ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းအောင် (မိတ္ထီလာမြို့နယ်၊ မကျီးစု ကျေးရွာ ကျန်းမာရေးမှူး - ၂) က ရှင်းပြသည်။

''ကျွန်တော်တို့ ဖဲကြိုးပြာ လှုပ်ရှားမှုမှာ အဆင့် သုံးဆင့်ရှိတယ်။ ပထမအဆင့်က ကျန်းမာရေးမှူးတွေ တွေ့ဆုံဆွေးနွေးလို့ ရလာတဲ့အချက်တွေကို အများဆန္ဒနဲ့ စာရင်းလုပ်ပြီး ဝန်ကြီးဌာနကို တင်ပြမယ်၊ ဝန်ကြီးဌာနကို စာတင်လို့မှ မထူးခြားဘူးဆိုရင် ဒုတိယအဆင့်နေနဲ့ ကျန်းမာရေးမှူးတွေ (H-A-Health Assistants) တွေ အားလုံး နေပြည်တော်က ဝန်ကြီးများရုံးမှာ ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်ပါ့မယ်။ အဲဒါမှ မထူးသေးဘူးဆိုရင် တတိယအဆင့် အနေနဲ့ ကျွန်တော်တို့တွေ လုပ်ငန်းအားလုံးကို ယာယီ ရပ်ဆိုင်းပါ့မယ်''ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် တစ်ခုတည်းသာရှိသည် အခြေခံကျန်းမာရေး တက္ကသိုလ်မှ နှစ်စဉ် ကျန်းမာရေးမှူး ၂ဝဝ နီးပါး ဘွဲ့ရခဲ့သော်လည်း လုပ်ငန်းခွင် မဝင်ရသေးသူ များစွာ ရှိနေကြောင်း၊ အခြေခံကျန်းမာရေး တက္ကသိုလ်မှ CHA (Condence Health Assistant), RHA (Regular Health Assistant), B-comm Health စသည်ဖြင့် ဘွဲ့များ ရရှိကြပြီးဖြစ်ကြောင်း ကျန်းမာရေးမှူးထံမှ သိရသည်။

ကျေးလက်ဒေသနေ ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်နိုင်ရေးအတွက် ၁၉၅၄ ခုနှစ်တွင် ကျန်းမာရေးမှူးများ စတင် ခန့်အပ်ခဲ့ကြောင်း၊ ၁၉၉၄ ခုနှစ်တွင် ကျန်းမာရေးမှူးများအသင်း ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ကြောင်း သက်ကြီး ကျန်းမာရေးမှူးများထံမှလည်း သိရသည်။


  • VIA