News

POST TYPE

MANDALAY

ကျောင်းပြင်ပ ပညာသင်ကြားရန် ပရဟိတ ဆရာများ ဦးစားပေး ရွေးချယ်မည်
01-Aug-2016 tagged as

မန္တလေး၊ ဇူလိုင် ၃၁

မန္တလေးတိုင်းဒေသကြီးအတွင်း ကျောင်းပြင်ပ ပညာသင်ကြားရေးအတွက် သင်ကြားရေး ဆရာ၊ ဆရာမများ ခန့်ထားရာ၌ ပရဟိတ သင်ကြားပေးနေသော ဘွဲ့ရ လူငယ်များကို ဦးစားပေး ခန့်ထားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းကျော်ဇောက ပြောကြားသည်။

''ကျောင်းပြင်ပ ပညာသင်ကြားရေးအတွက် ဆရာ၊ ဆရာမတွေကို ရွေးချယ်နေပြီ။ သူတို့အနေနဲ့ လခ လိုချင်တယ်ဆိုရင်လည်း ကျွန်တော်တို့ဘက်က ပံ့ပိုးမှုတစ်ခုခု စီစဉ်ပေးမှာပါ။ အထူးသဖြင့် ပရဟိတသမားတွေကို ဦးစားပေးမယ်။ ပိုက်ဆံ မပေးရရင် အစိုးရအတွက်လည်း သက်သာတာပေါ့ဗျာ''ဟု ၎င်းက ဆိုသည်။

လူတိုင်း စာတတ်မြောက်ရေးအတွက် ကျောင်းပြင်ပ ပညာရေးစနစ် တစ်ခု ဖြစ်ပေါ်လာနိုင်ရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကောင်အထည် ဖော်လျက်ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ငွေကြေးချို့တဲ့သော အခြေခံ လူတန်းစား အများဆုံး ရှိသည့် နေရာများတွင် အဓိကထား အကောင်အထည် ဖော်ရန် စီစဉ်လျက်ရှိပြီး ယခုဘဏ္ဍာနှစ်စတွင် အထက (၁၆) ၌ စမ်းသပ် အကောင်အထည် ဖော်ခဲ့ပြီးဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးက ရှင်းပြသည်။

မန္တလေးမြို့တွင် ပရဟိတအနေနှင့် သင်ကြားပေးနေသော ကျူရှင် ဆယ်ဂဏန်းခန့်ရှိရာ ယင်းကျူရှင်များတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် တွဲဖက် လုပ်ကိုင်နေသည့် ဆရာ၊ ဆရာမများ အများဆုံး ပါဝင်ကြောင်း၊ အခြေခံပညာကျောင်းများမှ သင်ကြားရေး ဆရာ၊ ဆရာမ အချို့လည်း ပါဝင်ပြီး အချို့မှာ တက္ကသိုလ် တက်ရောက်ဆဲ လူငယ်များဖြစ်ကြောင်း၊ မင်းသီဟ လက်ဖက်ရည်ဆိုင်နှင့် လမ်းဘေး ပလက်ဖောင်းများတွင် အချိန်ပိုင်း သင်ကြား ပေးနေသည့် ညနေခင်း ပရဟိတ သင်ကြားပေးမှုများရှိကြောင်း မန္တလေးမြို့ခံ ပရဟိတ ဆရာ၊ ဆရာမ အချို့ထံမှ သိရသည်။

''ပရဟိတ သမားတွေကို ဦးစားပေး ခန့်မယ်ဆို ကောင်းပါတယ်။ ပရဟိတစိတ် အရင်းခံတဲ့ သူတွေဆိုတော့ ကျောင်းပြင်ပ ပညာသင်ကြားရေးအတွက် အလိုအပ်ဆုံး သူတွေပါ။ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းဆိုပြီး အဆင့်ဆင့်လိုက် ကျွမ်းကျင်ပိုင်နိုင်မှု ရှိတဲ့သူတွေကိုတော့ အဓိကထား ရွေးစေချင်တယ်''ဟု ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက်မှ အသက် ၃ဝ ကျော်အရွယ် ပရဟိတ သင်ကြားရေး ဆရာမ တစ်ဦးက ပြောဆိုသည်။

ကျောင်းပြင်ပ ပညာသင်ကြားရေးသည် အစိုးရ အသိအမှတ်ပြု ပညာရေးစနစ် တစ်ခုဖြစ်ကြောင်း၊ လက်ရှိတွင် အခြေခံ ပညာမူလတန်းအထိ သင်ကြားမှုစနစ်၊ သင်ရိုးညွှန်းတမ်းများ ရေးဆွဲထားပြီး ပြဋ္ဌာန်းစာအုပ်များပါ ထုတ်ဝေထားပြီး အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ စာမေးပွဲ ဖြေဆိုစေပြီး အမှတ်ပေးသည့် စနစ် မဟုတ်ဘဲ အရည်အချင်းစစ် စာမေးပွဲများဖြင့် အအောင်၊ အရှုံး သတ်မှတ် ပေးသွားမည်ဖြစ်ကြောင်း၊ အခြေခံပညာ မူလတန်းအတွက် ကျောင်းပြင်ပ ပညာရေးတွင် ၂ နှစ် သတ်မှတ်ကာ ယင်း ၂ နှစ်အတွက် ဖြေဆို အောင်မြင်သူများသည် ပဉ္စမတန်း စာမေးပွဲ ဖြေဆို၍ ကျောင်း ဆက်တက်ခွင့်ရမည်ဖြစ်ကြောင်း ဦးစိုင်းကျော်ဇောက ပြောဆိုသည်။


  • VIA
  • TAGS