News

POST TYPE

MANDALAY

လမ်းအထူးအဖွဲ့ (၉)မှ ရှေ့တန်းစခန်းဝင်းအတွင်းမှ ဖယ်ရှားမပေးဟု ဝင်ရောက်နေထိုင်သူများပြောဆို
16-Jan-2020


မန္တလေး ဇန်နဝါရီ ၁၆

ပလိပ်မြို့  မြနန္ဒာရပ်ကွက်ရှိ ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနလမ်းအထူးအဖွဲ့ (၉)မှ ရှေ့တန်းစခန်းဝင်းအတွင်း ဝင်ရောက်နေထိုင်သူများကို  မြို့နယ်စီမံခန့်ခွဲမှုကော်မတီကဖယ်ရှားပေးရန် သတိပေးမှုကို အကြောင်းကြားထားသောလည်း မိမိတို့အနေဖြင့်  ဖယ်ရှားပေးမည်မဟုတ်ကြောင်းယင်းဝင်းအတွင်းနေထိုင်သူများက တညီတညွတ်ပြောကြားသည်။

 ယင်းမြေဧရိယာ ၂.၅၆ ဧကကျယ်ဝန်းသော လမ်းအထူးအဖွဲ့ (၉)မှ ရှေ့တန်းစခန်းဝင်းအတွင်းဝင်ရောက်နေထိုင်သော  အိမ်ထောင်စု ၂၄ စုက ဇန်နဝါရီလ ၁၅ ရက်နေ့က သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် ယင်းမြေမှဖယ်ရှားရန် မြို့နယ်စီမံခန့်ခွဲမှုကော်မတီက   နို့တစ်စာ နှစ်ကြိမ်တိုင် လာပေးသော်လည်း  မိမိတို့လက်ခံမယူထားကြောင်း၊ယခုနေထိုင်သောမြေပေါ်မှ ထပ်မံဖယ်ရှားခိုင်းပါကလည်း   ဖယ်ရှားပေးမည်မဟုတ်ကြောင်းပြောဆိုကြသည်။ 

ယင်းမြေပြသနာနှင့်ပတ်သက်ပြီး  မိမိတွင်လုပ်ပိုင်ခွင့်မရှိဘဲ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ ညွှန်ကြားချက်ကိုသာ ဆောင်ရွက်ရကြောင်းပလိပ်မြို့ အုပ်ချုပ်ရေးမှူးဦးအောင်မြင့်က ပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနအနေဖြင့် ရှေ့တန်းစခန်းအဖြစ် အသုံးပြုထားသည့် မြေဧရိယာ ၂.၅၆ဧကထဲမှ မြေတစ်ဝက်ဖြစ်သည့် မြေဧရိယာ ၁.၂၈ဧကကို မူလပိုင်ရှင်ထံ ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းက ပြန်လည်စွန့်လွှတ်ပြီး ကျန်မြေတစ်ဝက်ဖြစ်သည့် မြေဧရိယာ ၁.၂၈ဧကအတွက် လျော်ကြေးငွေကျပ် ၂၃၀၄၀ဝ၀ဝ၀ ကို  ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မူလပိုင်ရှင်ဖြစ်သူအား   ပေးအပ်ခဲ့သည်။

ပလိပ်မြို့ ကွင်းအမှတ် ၂၀(က)  ဦးပိုင်းအမှတ် (၂၁။၂၂) ရှိ မြေဧရိယာ ၂.၅၆ဧကပေါ်တွင်  ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာန  လမ်းတံတားဦးစီးဋ္ဌာန လမ်းအထူးအဖွဲ့ (၉)က မည်သည့်အချိန်တွင် စတင်အသုံးပြုခဲ့ခြင်းဆိုသည်နှင့်ပတ်သက်ပြီး  ကျောက်ဆည်ခရိုင်လမ်းတံတားဦးစီးဋ္ဌာနတာဝန်ရှိသူထံ မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိပေ။
အဆိုပါဝင်းအတွင်း ဝင်ရောက်နေထိုင်သူများကို တာဝန်မှာ  ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနကသာ တာဝန်ယူရှင်းလင်းရမည်ဖြစ်ကြောင်း မြေပိုင်ရှင်ဒေါ်ပု၏အကျိုးဆောင်ဖြစ်သူ ကိုသက်နောင်စိုးက ပြောကြားသည်။   

M-01