News

POST TYPE

MANDALAY

မန္တလေးတက္ကသိုလ်ကျောင်းသားသပိတ် အရှိန်မြှင့်
13-Jan-2020


မန္တလေး ဇန်နဝါရီ ၁၃

မန္တလေးတက္ကသိုလ်ကျောင်းသားသပိတ် ၄ လအကြာ ယာယီရပ်နားထားရာမှ ပြန်လည်စတင်ပြီး ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အင်အား ၅၀ ခန့်ဖြင့် သပိတ်အရှိန်မြှင့်ခဲ့ကြောင်းယင်းမန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂထံမှ သိရသည်။

ယင်းသပိတ်မှောက်ကျောင်းသားများသည် တက္ကသိုလ်သည် ထောင်မဟုတ်၊တက္ကသိုလ်ဆရာများသည် ဂိတ်စောင့်များမဟုတ်စသည့် ဆိုင်းပုဒ်များကိုင်ဆောင်ကာ တက္ကသိုလ်ပုဝုဏ်အတွင်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး တက္ကသိုလ်ပင်မဆောင်အဝင်လမ်းမပေါ်တွင် သပိတ်စခန်းဖွင့် တောင်းဆိုလျက်ရှိသည်။



မိမိတို့အနေဖြင့် ကျောင်းသားထုအစည်းအဝေးအရ သပိတ်မှောက်ရခြင်းဖြစ်ကာ ဥပဒေချိုးဖောက်ခဲ့သည့်ပါမောက္ခချုပ်ကို အရေးမယူမချင်း သပိတ်မှောက်တောင်းဆိုသွားမည်ဖြစ်ကြောင်း ယင်းသပိတ်မှောက်ဦးဆောင်ကော်မတီဝင် ကိုရန်စိုးပိုင်က ပြောကြားထားသည်။

ယင်းကျောင်းသားသပိတ်မှောကိမှုနှင့်ပတ်သက်ပြီး မန္တလေးတက္ကသိုလ်ဒုတိယပါမောက္ခချုပ်ဒေါက်တာတင်ထွန်းအောင်ကို မေးမြန်းရာ မည်သည့်မှတ်ချက်မှမလိုဟု ပြောကြားထားသည်။

ယင်းသို့ ကျောင်းသားသမဂ္ဂ ဆန္ဒထုတ်ဖော်နေခြင်းကြောင့် ကျောင်း၏ လုံခြုံရေးနှင့်ပတ်သက်ပြီး အထူးတင်းကြပ်ထားသည်။

မိမိတို့အနေနှင့် ကျောင်း၏ လုံခြုံရေးအရ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ မြမဉ္ဇူက ပြောကြားထားသည်။

မန္တလေးတက္ကသိုလ်ဝင်းအတွင်းတွင် Food Court တည်ဆောက်မှုနှင်ပြတ်သက်ပြီး ယင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂမှာ စက်တင်ဘာလ ၂ ရက်နေ့မှ စတင်ကာ စက်တင်ဘာလ ၈ ရက်နေ့အထိ ပင်မဆောင်တွင် သပိတ်စခန်းဖွင့်၍ တောင်းဆိုခဲ့ကြသည်။

ယင်းကိစ္စကို စစ်ဆေးနိုင်ရန်အတွက် ပညာရေးဝန်ကြီးဋ္ဌာနဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စက်တင်ဘာလ ၇ ရက်၊ ၈ ရက်နေ့တို့တွင် မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများ၊ ယင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့တို့မှ တာဝန်ရှိသူ ကျောင်းသားကျောင်းသူများကို စစ်ဆေးခဲ့သည်။

ယင်းသို့စစ်ဆေးနေစဉ်ကာလအတွင်း စက်တင်ဘာလ ၈ ရက်နေ့ညပိုင်းမှ စတင်ကာ သပိတ်မှောက်မှုကို ခေတ္တရပ်နားထားခဲ့သည်။

ယင်းကျောင်းသားသမဂ္ဂအဖွဲ့ဝင်များသည် နိုင်ငံတော်သမ္မတညွှန်ကြားချက်နှင့် တည်ဆဲဥပဒေအား ဖောက်ဖျက်လုပ်ဆောင်သော ကျောင်းအုပ်ချုပ်ရေးအဖွဲ့အား စိစစ်အရေးယူပေးရေး၊မန္တလေးတက္ကသိုလ်အား အသုံးချ၍ ကိုယ်ကျိုးရှာသော ပါမေက္ခချုပ် အလိုမရှိ၊မှန်ကန်မျှတသော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေး အရေးယူပေးရေး၊ကျောင်းစီမံကိန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာစွာချပြရေး၊ပညာရေးဝန်ကြီးဋ္ဌာန၏ ဘက်လိုက်သော စုံစမ်းစစ်ဆေးရေးအဖွဲ့အား အယုံအကြည်မရှိ၊ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်အား တာဝန်မှ အမြန်ဆုံးရပ်ဆိုင်းပေးရေး၊ပညာရေးဝန်ကြီးမှ အမြန်ဆုံး လာရောက်တာဝန်ယူ ဖြေရှင်းပေးရေး စသည့် တောင်းဆိုချက်များဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်း Food Court ကို ဩဂုတ်လပထမတ်အတွင်းက ဖွင့်လှစ်ရန်ရှိသော်လည်း ကန့်ကွက်မှုများကြောင့် ရပ်ဆိုင်းထားကြောင်းသိရသည်။

M-01