News

POST TYPE

MANDALAY

မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ် အမြန်ဆုံးမဖြေရှင်းပါက ပြင်းပြင်းထန်ထန်တုန့်ပြန်မည်ဟု ရန်ကုန်ကျောင်းသားသမဂ္ဂ (၇) ဖွဲ့ ပညာရေးဝန်ကြီးထံ စာပို့သတိပေး
12-Jan-2020
ရန်ကုန်၊ ဇန်နဝါရီ ၁၂

မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ်ကို အမြန်ဆုံးဖြေရှင်းမပေးပါက ပြင်းပြင်းထန်ထန်တုန့်ပြန်မည်ဟု ရန်ကုန်ရှိ တက္ကသိုလ် ၇ ခုမှ ကျောင်းသားသမဂ္ဂတို့က ပညာရေးဝန်ကြီးထံ စာပေးပို့တောင်းဆိုလိုက်သည်။

မန္တလေးတက္ကသိုလ်အတွင်း Food Court ဆောက်လုပ်သည့်ကိစ္စနှင့် ပတ်သက်ပြီး မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက သပိတ်မှောက်ခြင်း ပြန်လည်စတင်နေပြီဖြစ်ပြီး ၄လ ကျော်သည့်အထိ အပြီးသတ်ဆုံးဖြတ်ချက်ရလဒ် ထုတ်ပြန်နိုင်မှုမရှိသေးခြင်း၊ တက္ကသိုလ်ရပ်ဝန်းကို အာဏာရှင်သဖွယ် ဖိနှိပ်ပိတ်ပင် ဆောင်ရွက်နေမှုများအား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မန္တလေးတက္ကသိုလ် အာဏာပိုင်အဖွဲ့၏ ဖိနှိပ်ချုပ်ချယ်မှုများကို ညွှန်ကြားချက် ထုတ်ပြန်တားမြစ်ပေးရန်၊ ဥပဒေချိုးဖောက်ထားသူများကို အမြန်ဆုံးအရေးယူပေးရန် အဆိုပါ သမဂ္ဂ ၇ခုက ပညာရေးဝန်ကြီးဌာနကို စာပို့တောင်းဆိုထားသည်။

စာပေးပို့တောင်းဆိုချက်များထဲတွင် ပါဝင်သောအချက်များကို ဖြေရှင်းပေးနိုင်ခြင်းမရှိပါက ပြင်းပြင်းထန်ထန်တုံ့ ပြန်သွားမည်ဖြစ်ကြောင်းလည်း ၎င်း သမဂ္ဂ ၇ခုက ထည့်သွင်းဖော်ပြထားသည်။

“ဒီထုတ်ပြန်ချက်ကတော့ ကျွန်တော်တို့ဘက်က ဝန်းရံထောက်ခံပြီး တိုက်တွန်းတဲ့အနေနဲ့ ထုတ်ပြန်တာပါ။ ဘယ်အချိန်အထိ ဒီရလဒ်ကို စောင့်မလဲဆိုတာကတော့ သပိတ်ကော်မတီနဲ့ပဲ သက်ဆိုင်သွားပါပြီ” ဟု ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှ အတွင်းရေးမှူး ကိုအောင်ပြည့်စုံဖြိုးကပြောသည်။

စာပေးပို့တောင်းဆိုထားသည့် သမဂ္ဂ ၇ခုမှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ဆေးတက္ကသိုလ်-၂ ရန်ကုန် ကျောင်းသားများသမဂ္ဂ၊ ဆေးဝါးတက္ကသိုလ် ရန်ကုန် ကျောင်းသားများသမဂ္ဂ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့ဖြစ်သည်။

Food Court ကိစ္စကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၁၉ရက်နေ့နောက်ဆုံးထားပြီး ဖြေရှင်းပေးရန် ပညာရေးဝန်ကြီးဌာနကို မန္တလေးတက္ကသိုလ်ကျောင်းသးသမဂ္ဂက တောင်းဆိုခဲ့သလို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနထံ စာပို့ပြီး ဇန်နဝါရီလ ၈ ရက်နေ့ နောက်ဆုံးထား ဖြေရှင်းပေးရန် ဒုတိယအကြိမ် တောင်းဆိုခဲ့သေးသည်။

အောင်သက်ကို