News

POST TYPE

MANDALAY

ဆေးကုသမှုခံယူနေသော ဒေါက်တာဇော်မြင့်မောင်ထံ နိုင်ငံတော်သမ္မတ လာရောက်တွေ့ဆုံ
03-Jan-2020


မန္တလေး၊ ဇန်နဝါရီ ၃

မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီး၊ နှလုံးဖျားနာကုသဆောင်တွင် တက်ရောက်ကုသမှုခံယူနေသော မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ထံ ယနေ့ (ဇန်နဝါရီလ ၃ ရက်နေ့) နိုင်ငံတော်သမ္မတဦးဝင်းမြင့် လာရောက်တွေ့ဆုံခဲ့သည်။

“ရိုးရိုးအဖျားဝင်တာပါ။ အဆုတ်အအေးပတ်တာမျိုးပါပဲ။ ကျန်တာဘာမှမရှိပါဘူး။ အများကြီးကောင်းပါတယ်။ ဒီနေ့အဖျားလည်း ကျပါတယ်” ဟု ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်အား ဆေးကုသမှုပေးနေသည့် ဒေါက်တာအောင်ဆန်းဦးက ပြောကြားသည်။

ဒေါက်တာဇော်မြင့်မောင်မှာ လာမည့် ဇန်နဝါရီလ ၅ ရက်နေ့တွင် ထိုင်းရှိ ဆေးရုံသို့ သွားရောက်ပြီး ၆ ရက်နေ့တွင် ဆေးကုသမှုခံယူမည်ဖြစ်ကြောင်း၊ဝန်ကြီးချုပ်အနေဖြင့် အမြဲတမ်းအနားယူရန်တော့မလိုကြောင်း၊ ဆေးကုသမှုခံယူသည့်အခါ ခံယူပြီး အနားယူသည့်အခါ အနားယူရမည်ဖြစ်ကာ အကြီးအကျယ်အနားယူရမည့် အခြေအနေမျိုးလည်း မဟုတ်ကြောင်း ဒေါက်တာအောင်ဆန်းဦးက ဆိုသည်။

ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၏ ကျန်းမာရေးနှင့် ပတ်သက်၍ စိတ်ပူစရာ မလိုကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ၂၀၁၉ ခုနှစ် အောက်တိုဘာလနောက်ဆုံးပတ်မှ စတင်ကာ ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူချိန်မှစတင်ကာ အစိုးရတာဝန်များကို ယာယီရပ်နားပြီး ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် တာဝန်ပြန်လည်ထမ်းဆောင်ခဲ့သည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးရှေ့တွင် ဒီဇင်ဘာလ ၃၁ ရက်နေ့က ပြုလုပ်သော နှစ်သစ်ကူးပွဲတော်တွင် နှစ်သစ်ကူးမိန့်ခွန်းပြောကြားခဲ့ပြီးနောက် ဇန်နဝါရီလ ၁ ရက်နေ့တွင် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည်။

M-01