News

POST TYPE

MANDALAY

မြင်းခြံထောင်တွင် ထောင်တွင်းဆူပူမှုဖြစ်
30-Dec-2019
မိတ္ထီလာ၊ ဒီဇင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် မြင်းခြံထောင်အတွင်း၌ ယနေ့ (ဒီဇင်ဘာလ ၃၀ ရက်နေ့) နံနက်ပိုင်းမှစတင်၍ ထောင်ဆူပူမှု ဖြစ်ပွားနေကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။

“မြင်းခြံထောင်ဆူတာ ဟုတ်ပါတယ်။ ကျွန်တော်က လောလောဆယ် နယ်ရောက်နေတယ်။ မနက်ကထောင်ပိုင်ဆီကို ဖုန်းလှမ်းဆက်တယ်။ ထောင်ဆူတာဟုတ်ပါတယ်တဲ့။ ထောင်အဆောင်ကနေ ထွက်တဲ့တံခါးလားမသိဘူး။ ကျွန်တော်လည်း တိတိကျကျတော့ မသိဘူး။ ကျွန်တော့်ကို ရှင်းတော့ပြတယ်။ အဲဒီထောင်တံခါးကိစ္စပဲ။ ကျွန်တော် မနက်ခင်းက လူ့အခွင့်ရေးကော်မရှင်ကိုလည်း လှမ်းပြီးအကြောင်းကြားထားပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူး။ အဲဒါတော့ကြားရတယ်။ ခုန တစ်နာရီလောက်အထိတော့ သိပ်အဆင်မပြေသေးဘူးလို့ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ဖုန်းလှမ်းဆက်တယ်” ဟု မြင်းခြံမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးလတ်က ဖြေကြားသည်။

လက်ရှိအချိန်တွင် မြင်းခြံထောင်၏အနီးတစ်ဝိုက်တွင် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေကြောင်း မြင်းခြံဒေသခံများထံမှ သိရသည်။

“ထောင်ဆူတာဟုတ်တယ်။ ထောင်ဆူတာကို အပြင်ကိုသတင်းပေးတဲ့သူတစ်ယောက်ခေါ်သွားပြီ” ဟု ထောင်ဝင်စာလာတွေ့သူတစ်ဦးက ပြောကြားသည်။

အဆိုပါထောင်ဆူမှုနှင့်ပတ်သက်၍ အကျဉ်းဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရပေ။

မြင်းခြံထောင်တွင် ပြီးခဲ့သော ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း ထောင်စည်းကမ်းများ တင်းကြပ်လွန်းသည်ဟုဆိုကာ အကျဉ်းသား ၂,၀၀၀ ကျော်က ထောင်တွင်းဆန္ဒပြခဲ့ဖူးသည်။