News

POST TYPE

MANDALAY

အောင်သပြေရွာမှ ရာအိမ်မှူးကို အလုပ်နှင့်ထောင်ဒဏ် တစ်နှစ် အမိန့်ချမှတ်
27-Dec-2019


မန္တလေး၊ ဒီဇင်ဘာ ၂၇

Alpha ဘိလပ်မြေစက်ရုံပိတ်သိမ်းရေး ဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့နှင့် ပဋိပက္ခဖြစ်ပွားရာမှ ကုမ္ပဏီအတွင်း မီးရှို့မှုဖြစ်သည်အထိ ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည့် အောင်သပြေကျေးရွာမှ ရာအိမ်မှူး ဟောင်း ဦးမိုးလင်းကို နိုင်ငံတော်အကြည်အညိုပျက်စေမှု အလုပ်နှင့်ထောင့ဒဏ် တစ်နှစ် ကျခံရန် ပုသိမ်ကြီး မြို့နယ် တရားရုံးက ဒီဇင်ဘာ(၂၇)ရက် က အမိန့် ချမှတ်ခဲ့သည်။

"ကျွန်တော်အနေနဲ့ ရာအိမ်မှူးတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တယ်။ နှစ်ဖက်ညှိနှိုင်းပေးခဲ့တယ်။ ဒါကို တရားစွဲတယ်။ ခုထောင်တစ်နှစ်ချပါတယ်။ ကျွန်တော် အသက်ရှင်နေတဲ့ကာလတစ်လျောက်လုံး ဒီစက်ရုံကို ကန့်ကွက်သွားမယ်"ဟု ဦးမိုးလင်းက အမိန့်ချအပြီးတွင် ပြောဆိုခဲ့သည်။

ဦးမိုးလင်းသည် ရွာသားများနှင့် အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့တို့နှင့် ဆန္ဒပြမှုများ၊ ပဋိပက္ခများဖြစ်ပွားနေစဉ်တွင် ရာအိမ်မှူးတစ်ယောက်အနေဖြင့် နှစ်ဖက်ညှိနှိုင်းမှုများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်ကို ယခုကဲ့သို့ တရားစွဲဆိုကတည်းက မှားနေခဲ့ခြင်းဖြစ်ကြောင်း ဦးမိုးလင်း၏ အကျိုးဆောင် ရှေ့နေ ဦးစည်သူက ပြောဆိုသည်။

"နိုင်ငံတော် အကြည်အညိုပျက်စေမှုပုဒ်မအတွက် ဥပဒေက ပြောထားတာက အလုပ်မပါဘဲ ထောင်ဒဏ်ချမှတ်ပေးရမယ်လို့ ပြောထားတာကို အခု အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်ဆိုတော့ ဒီပြစ်ဒဏ်က ကြီးလေးပါတယ်။ ကျွန်တော့်အမှုသည်က အယူခံတက်ချင်တယ်ဆိုတဲ့အတွက် အယူခံတက်သွားမှာပါ"ဟု ၎င်းက ဆိုသည်။

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အောင်သပြေကျေးရွာသားများသည် ကျေးရွာနှင့်ကပ်လျက်တွင် လာရောက်အကောင်အထည်ဖော်နေသည့် Myanmar Conch Cement ကုမ္ပဏီ၏

ကျောက်မီးသွေးစွမ်းအင်သုံး တစ်ရက် တန်ငါးထောင်ကျ Alpha ဘိလပ်မြေစက်ရုံကို ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် မေလ ၁၃ ရက်နေ့တွင် အောင်သပြေကျေးရွာမှ စက်ရုံကို မလိုလားသူ ဒေသခံများက စက်ရုံ၏ ယာဉ်၊ ယန္တရားများအသွားအလာပြုလုပ်နေသည့် လမ်းကို ပိတ်ဆို့တားဆီးခဲ့ကြရာမှ မေလ ၁၄ ရက်နေ့ နံနက်တွင် ရဲတပ်ဖွဲ့က ရာဘာကျည်များဖြင့် ပစ်ခတ်ဖြိုခွဲခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ကာ ကုမ္ပဏီဝန်းအတွင်းမှ ကားနှစ်စီးနှင့် အဆောက်အအုံအချို့ကို မီးလာင်မှုများဖြစ်ပေါ်ခဲ့သည်။

ယင်းသို့ ဆန္ဒပြခြင်း၊ ကုမ္ပဏီဝန်းအတွင်း မီးလောင်မှုဖြစ်ပွားခြင်းတို့နှင့် ပက်သက်ပြီး ကျေးရွာ ဒေသခံ သုံးဆယ်ကျော်ကို ရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ကုမ္ပဏီတာဝန်ရှိသူများက ငြိမ်းစုစီပုဒ်မ၊ မီးရှို့မှု၊ နိုင်ငံတော်အကြည်အညိုပျက်စေမှုတို့ဖြင့် အမှုဖွင့်တိုင်တန်းတရားစွဲဆိုခဲ့ကြသည်။

ဆန္ဒဖော်ထုတ်သည့်နေ့မှာပင် ရွားသား အမျိုးသားနှစ်ဦးနှင့် ယင်းဖြစ်စဉ်ကို သတင်းရယူနေသည့် သတင်းထောက်တစ်ယောက်ကို ဖမ်းဆီးခဲ့သည်။

ယင်းနောက် အောင်သပြေကျေးရွာ၏ ရာအိမ်မှူးဖြစ်သည့် ဦးမိုးလင်းနှင့် အမျိုးသားနှစ်ဦးကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ပဋိပက္ခဖြစ်စဉ်များနှင့်ပက်သက်ပြီး ညှိနှိုင်းဆွေးနွေးလိုကြောင်း ခေါ်ယူကာ ဖမ်းဆီးထားလိုက်ပြီး နိုင်ငံတော် အကြည်အညိုပျက်စေမှုဖြင့် တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။

ယင်းနောက်ပိုင်းတွင် အောင်သပြေကျေးရွာ ဒေသခံများကို ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ရာ အကျဉ်းထောင်အတွင်း သေဆုံးသွားခဲ့သူ ဦးထွန်းမြင့်ဝင်း၊ ကိုးတန်းကျောင်းသားဖြစ်သည့် မောင်တူးဝေယံတို့လည်း အပါအဝင်ဖြစ်ခဲ့သည်။

ဖမ်းဆီးခံထားရသူ အောင်သပြေရွာသားများ မှာ အမှုများကို ဆက်လက်ရင်ဆိုင်နေရဆြဲဖစ်ပြီး၊ ဝရမ်းပြေး အဖြစ်တ်ိမ်းရှောင်နေသူများလည်း ရှိနေဆဲ ဖြစ်ရာ ဦးမိုးလင်းနှင့်အတူ တရားစွဲခံရသူ ကိုးဦးရှိနေပြီး ဦးမိုးလင်းတစ်ဦးတည်းကိုသာ ဖမ်းဆီးအမိန့်ချနိုင်ခြင်းဖြစ်သည်။

M-04

ဓာတ်ပုံ - ရန်မိုးနိုင်